News

POST TYPE

EDITOR PICK POST

ကြက်သား ကြက်သား စား, စား
06-Aug-2017 tagged as ရောဂါ

အခုမှ ဌာနဆိုင်ရာတွေ ကြက်သားစားပွဲ ကျင်းပကြတာ။ သတင်းထောက်တွေက ကြက်သားစားပွဲ လုပ်ခဲ့တာ ကြာပေါ့။ 

၂၀၁၄ တုန်းက မီဒီယာဖိနှိပ်မှုရပ်ဖို့ ဆန္ဒပြရင်း သတင်းစာတိုက်တစ်ခုက ကြက်ကြော်တွေ ကျွေးတာ။  သတင်းထောက်တွေ ကြက်ပေါင်တွေ ကိုက်ကြရင်း ဆန္ဒပြခဲ့ကြတာပေါ့။ 

ကြာခဲ့ပါပြီ။ အခုတော့ သတင်းထောက်တွေလည်း ဆန္ဒပြရင် ကြက်ကြော်မစားရတော့ပါဘူး။  ဌာနဆိုင်ရာ အရာရှိတွေပဲ ကြက်ကြော်စားကြတော့တယ်။ ပွဲတော်လေး ကျင်းပပြီးတော့ပေါ့..။ 

ဘာလို့ ကြက်ကြော်စားတုံး....။ 

လူတွေက ကြက်သားကို သပိတ်မှောက်နေလို့တဲ့။ ဘာလို့လဲဆိုတော့ နယ်အချို့မှာ ကြက်ငှက်တုပ်ကွေးတွေ ဖြစ်ကြတာကိုး။ ကြက်တွေကလည်း ဆေးမသောက်ဘူး ထင်တယ်။ အဲ့တော့ ကြက်တွေ သေတယ်။ လူတွေလန့်တယ်။ ဒါကြောင့် ကြက်သားမစားဘဲ သပိတ်မှောက်ကြတယ်။ 

အရင်တုန်းကလည်း ကြက်ငှက်တုပ်ကွေး ဖြစ်တယ်။ အဲ့တုန်းက လူတွေ ကြက်သားမစားကြတော့ဘူး။ အဲ့တော့ ကြက်သားသည်တွေ ဒုက္ခရောက်ရော။ ရောင်းမကောင်း။ ဈေးတွေကျ။ တစ်ပိဿာ တစ်ထောင်တွေ ဘာတွေဖြစ်သွား...။ 

နောက်တော့ ဝက်တုပ်ကွေး ဖြစ်ပြန်ရော။ ဝက်သားဈေးတွေ ကျပြန်ရော။ ဝက်သားသည်တွေ အလုပ်ပြောင်းကုန်ရော။ 

စိုပြေတို့လို ဝက်သားကြိုက်သူတွေကတော့ ဝက်တုပ်ကွေး ဖြစ်ပါစေ ဆုတောင်းနေတာ။ ဈေးကျတော့ များများစားလို့ ရတာပေါ့။ 

အခုလည်း ကြက်တုပ်ကွေး၊ လူတုပ်ကွေးဆိုပြီး ဖြစ်နေတော့ ဈေးကျမလားဆိုပြီး ဈေးထဲသွားကြည့်တာ...။ 

ဈေးက နည်းနည်းပဲ ကျတယ်။ ဝက်သားကလည်း ဈေးမကျဘူး။ အရင်ကထက်တောင် ဈေးကြီးနေသလိုလိုပဲ။ ဒါကလည်း သိပ်ကြီးကြီးကျယ်ကျယ် မဖြစ်သေးလို့နေမှာ...။ 

အရင်တုန်းကလို အကြီးအကျယ်ဖြစ်ရမှာ။ အဲ့တုန်းကဆို ဆင်းရဲသားတွေမှာ သိပ်ပျော်တာ။ ကြက်သား၊ ဝက်သားက အမြဲဈေးကြီးတာဆိုတော့ သိပ်မစားရဘူး။  အခုလို တုပ်ကွေးတွေဖြစ်မှ သူဌေးတွေ မစားတော့လို့ ဈေးကျပြီး စားရတာ။ စိုပြေလည်း ဆင်းရဲသားဆိုတော့ ကြက်ငှက်တုပ်ကွေး၊ ဝက်တုပ်ကွေးတွေ ဖြစ်ရင်ကို ပျော်နေတာ။ အခုလည်း ကြက်ငှက်တုပ်ကွေးဖြစ်လို့ ဈေးကျမယ် ထင်တာ...။ 

ဘယ်ဟုတ်တော့မလဲ။ အစိုးရ ပြောင်းသွားပြီလေ။ ကြက်၊ ဝက် ဈေးတွေကျရင် လူတွေ စီးပွားရေး ထိခိုက်မယ်။ ဒါကို အစိုးရက ကြိုမြင်တယ်။ 

ဒီတော့ နိုင်ငံအနှံ့မှာ ကြက်တွေ ရောဂါမဖြစ်ကြောင်းပြတဲ့ အနေနဲ့ လူကြီးတွေကိုယ်တိုင် ကြက်သားစားပြနေတာ။ ကြက်သားကို ကျက်အောင်တော့ ကြော်ရတာပေါ့လေ။ အဲ့တော့ အစပိုင်းလေးပဲ ဈေးကျပြီး ရောင်းမကောင်းဖြစ်တာ။ အခုတော့ ပုံမှန်အတိုင်းပါပဲ။ 

အစပိုင်းကတော့ ဈေးထဲမှာ လူတွေ ကြက်သားမဝယ်လို့ဆိုပြီး ကြက်သားသည်တွေ ငါးတွေ ပြောင်းရောင်းကြတယ်။ ဝက်သားသည်တွေလည်း ငါးပြောင်းရောင်းတယ်။ သူတို့လည်း ဒုက္ခတွေရောက်တာပေါ့။ ဝက်သားခုတ်တာနဲ့ ငါးခုတ်တာမှ မတူတာ။ ငါးကိုလည်း မကိုင်တတ်။ ဒီတော့ ဝယ်သူရော ရောင်းသူပါ ဒုက္ခရောက်။ ပြီးတော့ ငါးသည်က ပေါနေတော့ နောက်မှ ငါးရောင်းသူတွေမှာ ရောင်းမကုန်ဘူး။ အဲ့လိုနဲ့ အရင်းပြုတ်ကုန်ကြရော။ အခုတော့ ပုံမှန်အတိုင်းပဲ ပြန်ရောင်းနေကြပါပြီ။ နေ့ပြန်တိုးလေး ယူပြီးတော့ပေါ့။ 

ဘာပဲဖြစ်ဖြစ် ကြက်သားစားပွဲတော်ကတော့ ဆက်လက်ပြီး ကျင်းပနေဦးမယ် ထင်တယ်။ ဖြစ်နိုင်ရင်တော့ ကြက်သားစားပွဲတင် မဟုတ်ဘူး။ ဝက်သားစားပွဲပါ ကျင်းပသင့်တယ်။ ခက်တာက ဝက်ကို စပွန်ဆာ မရှိဘူး ထင်တယ်။  ကြက်ကြော်ကတော့ စပွန်ဆာရှိလို့ တော်သေးတာပေါ့။ ဝက်ခေါက်ကင်ရောင်းတဲ့ အညာသားတွေ အနေနဲ့လည်း ဝက်သားစပွန်ဆာ ပေးသင့်တယ်။ 

အရက်ကုမ္ဗဏီတွေကလည်း အရက်တွေ စပွန်ဆာပေးပြီး ဝက်နဲ့ ကြက်ကို အရက်နဲ့တောင် မြည်းရင် ပိုတောင်ကောင်းဦးမယ်။ 

ပြီးတော့ အဲ့လို ကြက်သားစားပွဲကို စားနိုင်သောက်နိုင်တဲ့ အရာရှိကြီးတွေနဲ့ မကျင်းပသင့်ဘူး ထင်တာပဲ။ ဆင်းရဲသားရပ်ကွက်ထဲက ကလေးတွေနဲ့ ကျင်းပသင့်တာ။ အရာရှိကြီးတွေက အမြဲစားနေရတာ မဟုတ်လား။ 

ဒါနဲ့... တစ်ခုတော့ ရှိတယ်။ ခွေးတွေကြောင်တွေ တုပ်ကွေးဖြစ်ရင်ရော....။ အခုကြက်တွေကို စားသလို စားပြဦးမလား မသိဘူး။ တရုတ်မှာလို ခွေးသားစားပွဲတော်တို့၊ ကြောင်သားစားပွဲတော်တို့ ကျင်းပရင် ကောင်းမယ်။ အဲ့အခါကျရင်တော့ လွှတ်တော်က လူကြီးတွေကိုပါ ကျွေးရမယ်။ 

ခွေးသား၊ ကြောင်သားကလည်း မစားတဲ့လူသာ မကြိုက်တာ။ စိုပြေ နေခဲ့ဖူးတဲ့ ကမ်းခြေကလူတွေ ကျတော့လည်း ခွေးသား၊ ကြောင်သား သိပ်ကြိုက်ကြတာ...။ 

သူများခွေးတွေ သတ်သတ်စားလွန်းလို့ ခွေးတစ်ကောင်သတ်ရင် တစ်သိန်းဆိုပြီး ဒဏ်ကြေး သတ်မှတ်ထားရတယ်။ 

ဘာပဲဖြစ်ဖြစ် လူကြီးတွေ ကြက်သားစားပြီးတော့... လူတွေလည်း ကြက်ငှက်တုပ်ကွေး မရှိကြောင်း ယုံသွားလောက်ပြီ။ ဒါပေမဲ့ နည်းနည်းတော့ စောင့်ကြည့်ဦးမယ် ထင်တယ်။ အခုလို စားပြတဲ့လူတွေ ကြက်တုပ်ကွေး ဖြစ်မဖြစ်ပေါ့။ ဖြစ်ရင် သူတို့ အရင်သေပစေဆိုတဲ့ သဘော...။ 

အဲ့လူတွေ ကြက်ငှက်တုပ်ကွေး မဖြစ်ရင်တော့ ပြည်သူတွေလည်း ကြက်သားကို သပိတ်လှန်မယ်...။ 

အဲ့တော့မှ... 

သပိတ် သပိတ်မှောက်... မှောက် ဆိုတာကနေ...။ 

ကြက်သား ကြက်သား စား... စား ဆိုပြီး ဖြစ်ကြမှာပေါ့။ 

စိုပြေ