POST TYPE

EDITOR PICK POST

အကျဉ်းသား တစ်ထောင်ခန့်ကို အလုပ်စခန်းနှင့် ကုန်ထုတ်စခန်းများသို့ လွှဲပြောင်း

ရန်ကုန်၊ ဩဂုတ် ၃

အင်းစိန်ထောင်တွင် နေရာကျပ်တည်းမှုကြောင့် ယခုနှစ် ခုနစ်လအတွင်း ပြည်နယ်နှင့်တိုင်းရှိ အလုပ်စခန်းနှင့် ကုန်ထုတ်စခန်းများသို့ အကျဉ်းသား တစ်ထောင်ခန့် လွှဲပြောင်းခဲ့ကြောင်း အင်းစိန် ဗဟိုအကျဉ်းထောင်ထံမှ သိရသည်။

လက်ရှိတွင် အိပ်ဆောင်သစ်နှစ်ခု တိုးချဲ့ပြီးနောက် အကျဉ်းသား ၁၂၀ဝ ကျော်ကို နှစ်သုတ်ခွဲ၍ ယခုနှစ် ဇွန်လက အပြီးသတ် နေရာ ပြောင်းရွှေ့ ထားရှိသော်လည်း အကျဉ်းသား ၉၂၀ဝ ကျော် ကျန်ရှိနေခြင်းကြောင့် အကျဉ်းဦးစီးဌာနချုပ်၏ ညွှန်ကြားမှုဖြင့် ကုန်ထုတ်စခန်းနှင့် အလုပ်စခန်းများသို့ ပို့လိုက်ခြင်းဖြစ်ကြောင်း အင်းစိန် ဗဟို အကျဉ်းထောင် ထောင်ပိုင် ဦးမျိုးဦးက ပြောကြားသည်။

“ကျပ်တည်းနေတော့ လျှော့ချတဲ့ နည်းလမ်းကတော့ မျိုးစုံ ဆောင်ရွက်ရပါတယ်။ အဓိက ခိုးမှုနဲ့ပြစ်ဒဏ်ကျသူတွေကို အလုပ်စခန်းနဲ့ ကုန်ထုတ်စခန်းတွေရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီးတော့ ပို့ပေးတယ်”ဟု ၎င်းက ဆိုသည်။

အင်းစိန် အကျဉ်းထောင်တွင် အကျဉ်းသား ၅၀ဝ ဦးထားရှိနိုင်သော အိပ်ဆောင် ၁၀ ဆောင်နှင့် ၂၀၁၇ ခုနှစ်က တိုးချဲ့လိုက်သော အိပ်ဆောင် နှစ်ဆောင်တို့တွင် အကျဉ်းသား ပမာဏ ၁၁၀ဝ၀ ကျော် လက်ခံထားရှိရခြင်းကြောင့် နေ့စဉ်နေရာ ကျပ်တည်းမှု ကြုံတွေ့လာရခြင်းဖြစ်သည်။

“ပုံမှန်တော့နှစ်စဉ် နှစ်ထောင်လောက်ပို့တယ်၊ နောက်လတွေ ဒီထက် ကျပ်လာရင်တော့ ထပ်ပို့ဖို့ စီစဉ်ရမှာပေါ့”ဟု အင်းစိန်ဗဟိုအကျဉ်းထောင်မှ ထောင်ဝါဒါတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် အကျဉ်းထောင် ၄၆ ခုရှိသည့်အနက် အင်းစိန်အကျဉ်းထောင်မှာ အင်္ဂလိပ် အင်ဂျင်နီယာများ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး သက်တမ်း ၁၂၅ နှစ် ကြာမြင့်ကာ လူဦးရေ ငါးထောင်ဆံ့သည့် အကြီးဆုံး အကျဉ်းထောင် တစ်ခုအဖြစ် မှတ်တမ်းတင်ထားသော်လည်း နှစ်စဉ် အကျဉ်းသား တစ်သောင်းကျော်အထိ ပုံမှန် ထားရှိနေရကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရသည်။ 

၂၀၁၇ ခုနှစ် စာရင်းအရ တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များတွင်  အကျဉ်းသား ခုနစ်သောင်းကျော် ထိန်းသိမ်းထားရကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရသည်။

J-17