News

POST TYPE

EDITOR PICK POST

ဆရာများ၏ ရင်ဖွင့်သံ (ရာထူးတိုး မူဝါဒ)
27-Jul-2017 tagged as ဆရာများ

ရာထူးတိုးမျှတရေး လှုပ်ရှားမှုက ပို၍ တင်းမာလာသည်။ အစိုးရသစ် အကူးအပြောင်းတွင် ယခင်အစိုးရလက်ထက် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနကို ဖျက်သိမ်းကာ ပညာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းခဲ့သည်။ ယခုအခါ နည်းပညာ၊ ကွန်ပျူတာတက္ကသိုလ်များရှိ ဆရာများ ရာထူးတိုးရာတွင် ပညာရေး ဝန်ကြီးဌာန၏ ရာထူးတိုးမူဝါဒ မမျှတဟု ရာထူးတိုးမပါသည့် ဆရာများက ယူဆကြသည်။ ထို့ပြင် ကျန်းမာရေး ဝန်ကြီးဌာန လက်အောက်ရှိ ဆေးနှီးနွှယ်တက္ကသိုလ် ဆရာ၊ ဆရာမများကလည်း ၎င်းတို့၏ ရာထူးတိုးမမျှတဟု ပြောဆိုကြသည်။ ယင်းသို့သော အခြေအနေများနှင့် ပတ်သက်၍ ဆရာများ၏ ခံစားမှုများကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။ 
 
“လုပ်သက် ၁၅ နှစ်နဲ့ ရာထူးမတိုးဘူး ဖြစ်နေတယ်”
ဦးဖြိုးမောင်မောင်ဝင်း (ရူပဗေဒဌာန သရုပ်ပြ၊ မန္တလေး ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်) 

မူဝါဒ ပြောရမယ် ဆိုရင်တော့ ဘာမူဝါဒမှကို မရှိဘူး။ အရင်တုန်းက ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်တွေမှာ သရုပ်ပြကနေ လက်ထောက်ကထိက ရာထူးတိုးတဲ့အခါ လုပ်သက် ၇ နှစ်ပြည့်ရင် ဒီအတိုင်းပဲ ရာထူးတိုးပေးခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်တက်ပြီး အစိုးရသစ် လက်ထက်မှာ ပညာရေး ဝန်ကြီးဌာနက လုပ်သက် ၃ နှစ်ပြည့်ရင် တိုးပေးတယ်။ ဘာစာမေးပွဲမှ ဖြေစရာကို မလိုဘူး။

ဒါပေမဲ့ ကျွန်တော်တို့ ကျန်းမားရေး ဝန်ကြီးဌာန လက်အောက်မှာ ရှိတယ်။ သင်္ချာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ မြန်မာစာတို့သင်တဲ့ ဆရာ၊ ဆရာမတွေကို ဘယ်လို့ ခွဲခြားဆက်ဆံထားသလဲ ဆိုတော့  လက်ထောက်ကထိက ရာထူးတိုးရဖို့ အတွက်၊ ရာထူးတိုးဝင်ခွင့်ဖြေဖို့ အတွက် ဘာမှမဆိုင်တဲ့  အရင်က ဖောင်ကြီးတို့က ဗဟိုဝန်ထမ်းတက္ကသိုလ် တက်ပြီးတဲ့ လက်မှတ်ရသူမှ ဖြေရတယ်။

ဒီ ကျွန်တော်တို့ အသက်မွေးဝမ်းကျောင်း အတွက် အထောက်အကူပြုဖို့အတွက် သင်ပေးတဲ့ ပညာပါလာတာမှ မဟုတ်တာ။ အဲဒီတုန်းက စီမံခန့်ခွဲမှုတော့ သင်ပေးတယ်။ ဖိဖိစီးစီး သင်ပေးတာတော့ မဟုတ်ဘူး။ ဒီဘက်ခေတ် အစိုးရ ပြောင်းပြီးနောက် ပြည်သူ့ဝန်ထမ်း အကယ်ဒမီဆိုပြီး အခေါ်အဝေါ် ပြောင်းသွားတယ်။ 

ဒီနိုင်ငံထဲမှာရှိတဲ့ ဒီအစိုးရအောက်မှာ တက္ကသိုလ်ချင်း အတူတူ ဝန်ထမ်းချင်း အတူတူကို ကျွန်တော်တို့ဘက်မှာ လုပ်သက် ၁၅ နှစ်ရှိပြီး ရာထူးမတိုးဘူး။ ဟိုဘက်မှာ လုပ်သက် ၃ နှစ်နဲ့ တိုးပေးတယ်။ ဒီဘက်မှာတော့ မတိုးဘူး။ ဒါက အရပ်သားတစ်ယောက် အနေနဲ့တောင် တရားမျှတမှု လုံးဝကိုမရှိဘူး။ ပညာရပ်ကိုလည်း ခွဲခြားဆက်ဆံတာပဲ။ 

တကယ်ပြောရင် ဘယ်ပညာရပ်မဆို အခြေခံဖြစ်တဲ့ မြန်မာစာ၊ အင်္ဂလိပ်၊ သင်္ချာ တတ်ကျွမ်းပြီးမှ အခြားသော ပညာရပ်တွေအပေါ်ကို ကူးပြောင်းလို့ရတယ်။ အဲဒါအခြေခံပညာသင်တဲ့ ဆရာမတွေကို ... ခွဲခြားဆက်ဆံတာပါပဲ။ ဥပမာ- ကျန်းမားရေး ဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ သူရဲ့မူရင်းအောက်မှာရှိတဲ့ သွားတက္ကသိုလ်တို့၊ ဆေး (၁) တို့ရှိတာပဲ။ ဒါတောင် သူနာပြုဌာနက ခွဲခြားဆက်ဆံလို့ ဆန္ဒပြကြတယ်။ ဒီကျန်းမာရေး ဝန်ကြီးဌာနက အလွန့်အလွန်ကို ခွဲခြားဆက်ဆံတဲ့ ဌာနပဲ။ 

တိုင်းနဲ့ပြည်နယ်ထဲမှာ ဆေးကျောင်း ၅ကျောင်း ရှိတယ်။ သွားဆေးတက္ကသိုလ်ဆိုရင် ရန်ကုန်နဲ့ မန္တလေး စုစုပေါင်း ၂ကျောင်း၊ သူနာပြုက ၂ ကျောင်း၊ ဆေးဘက်ဆိုင်ရာ တက္ကသိုလ် ၂ ကျောင်း၊ ဆေးဝါးတက္ကသိုလ် ၂ ကျောင်း၊ တိုင်းရင်းဆေးတက္ကသိုလ်၊ အခြေခံကျန်းမာရေး တက္ကသိုလ်ရှိတယ်။ တက္ကသိုလ်က အခု ၂၀ ဝန်းကျင်လောက်ပဲ ရှိတယ်။ ဆေးကျောင်းမှာပဲ လူများတာ။  လက်ရှိ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်ဆိုရင် အများဆုံး ၁၅၀ လောက်ပဲ ဝင်တယ်။ ဆရာ၊ ဆရာမ အရေအတွက်လည်း နည်းတယ်။

ဒီလောက်အရေအတွက်များလို့ တိုင်းပြည်ရဲ့ဘတ်ဂျက်ကို ထိခိုက်နေရင်လည်း ခံသာသေးတယ်။ ဟိုတစ်လောက ဝိဇ္ဇာ၊ သိပ္ပံဘက်မှာ ထောင်ချီပြီး လက်ထောက်ကထိက တိုးသွားကြတာဆို မပြောပါဘူး။ ကျွန်တော်တို့ဘက်မှာ ရာဂဏန်းလောက် ရှိတာ။ ရာထူးမတိုးတဲ့ ဆရာ၊ ဆရာမတော့ မရနိုင်ဘူး။ ပထမတစ်ခါ နိုင်ငံတော်အတိုင်ပင်ခံကို တိုင်ကြားထားတာတော့ ရှိတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်ဟောင်းဆီမှာတော့ ရှိတယ်။

ကျန်းမာရေး ဝန်ကြီးဌာနမှာ ရာထူးက တိုးကိုမတိုးတာ။ တစ်ယောက်မှကို မတိုးတာ။ အခုလို မတိုးတော့ လုပ်ငန်းလုပ်တဲ့အခါမှာ Motivation ဆိုတာ ရှိတယ်။ လစာရယ်၊ ပရိုမိုရှင်းရယ်၊ အလုပ်ရဲ့ ပတ်ဝန်းကျင်ပေါ့။ ဥပမာ- ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခုထက် တခြားနေရာက ပိုပြီး လစာပေးတာ ရာထူးပေးတာကွာနေရင် အဲဒီနေရာကို သွားမှာပဲ။ ဒါရှင်းရှင်းပဲ လူသားတစ်ယောက်ရဲ့ အခြေခံအတွေးပဲ။ လစာနည်းတာက လက်ရှိအစိုးရက တိုးမြှင့်ပေးမယ် ပြောထားတော့ ကိစ္စတော့ မရှိဘူး။ နောက်ဆုံး ရာထူးတိုးတို့ အလုပ်ရဲ့ ပတ်ဝန်းကျင်မကောင်းရင် လက်ရှိ Institution အလုပ်လုပ်နေတဲ့သူတွေ စိတ်မချမ်းသာတော့ အလုပ်မတွင်ကျယ်ဘူး။ ဒါပဲလေ ရာထူးမတိုးပေးတာကို နည်းနည်းလေး ထိခိုက်တယ်ထင်တာ အများကြီး ထိခိုက်တယ်။

လူပဲလေ ခွဲခြားဆက်ဆံလို့ ကောင်းတဲ့အကျိုးဆက်တော့ တစ်ခုမှ ရလာမှာ မဟုတ်ဘူး။ ကျွန်တော်တို့ကို ခွဲခြားဆက်ဆံတဲ့အတွက် ဥပဒေအတိုင်း လုပ်သွားမှာပဲ။ ဖွဲ့စည်းပုံမှာပါတဲ့ နိုင်ငံသားတစ်ယောက်၊ ဝန်ထမ်းဥပဒေအရ မှန်နေတာပဲလေ။ အဲဒီတော့ ဥပဒေအတိုင်း လုပ်သွားမယ်။ ဥပဒေအတိုင်း လုပ်လို့မှမရရင် နေပြည်တော်မှာ နစ်နာတဲ့ ဆရာ၊ ဆရာမတွေ စုပြီးတော့ လက်မှတ်ထိုးပြီး တာဝန်ရှိတဲ့သူ ထွက်ပေးဖို့ ဆန္ဒပြသွားမယ်။ တခြားဌာနတွေမှာ ဆရာတွေ သုံးနှစ်နဲ့ ရာထူးတိုးချိန်မှာ ကျွန်တော်တို့ဌာနမှာ လုပ်သက် ၁၅ နှစ်နဲ့ ရာထူးမတိုးဘူး ဖြစ်နေတယ်။ မမျှတတဲ့ ရာထူးတိုးကို မျှတတဲ့ အခြေအနေအထိ လုပ်သွားပါမယ်။     

“စိတ်ဝမ်းကွဲကုန်ကြပြီ။ လုပ်ငန်းခွင် မပျော်ရွှင်တော့ဘူး”
ဦးအာကာဖုန်းနိုင် (သရုပ်ပြ၊ စက်မှုအင်ဂျင်နီယာဌာန၊ နည်းပညာတက္ကသိုလ်-ထားဝယ် -)

ရာထူးတိုး မူဝါဒက အတည်အကျကို မရှိသေးတာပါ။ သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဌာနက အစိုးရသစ် မတက်ခင်ကရှိတဲ့ ဌာနတစ်ခုကို အခုအစိုးရလက်ထက်မှာ ပညာရေး ဝန်ကြီးဌာန လက်အောက်ကို ရောက်သွားတယ်။ အဲဒီမှာ နည်းပညာတက္ကသိုလ်တွေ၊ ကွန်ပျူတာတက္ကသိုလ်တွေ၊ အစိုးရ နည်းပညာ အထက်တန်းကျောင်းတွေက ဦးစီးဌာန တစ်ခုတည်း၊ ဝန်ကြီးဌာန တစ်ခုတည်း လက်အောက်မှာ ရှိတယ်။ အခု ပညာရေး ဝန်ကြီးဌာနဘက် ရောက်သွားတော့ ဦးစီးဌာနတွေ ကွဲသွားတယ်။

ဝန်ကြီးဌာနက တစ်ခုတည်း၊ ဦးစီးဌာနတွေက ကွဲသွားတော့ ကျွန်တော်တို့က ၂၀၁၆ ဧပြီမှ အဆင့်မြင့်ပညာ မြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနကို နှစ်ကုန်အထိ တစ်ခါ ပြောင်းတယ်။ ၂၀၁၆-၂၀၁၇ မှာ အဆင့်မြင့်ပညာ ဦးစီးဌာန အောက်ကိုရောက်ပြီး ဝိဇ္ဇာ၊ သိပ္ပံတွေနဲ့ သွားတွဲရတယ်။ ဝိဇ္ဇာ၊ သိပ္ပံတွေက မာစတာတန်းမှ နည်းပြ၊ သရုပ်ပြအနေနဲ့ စဝင်ရတယ်။ ကျွန်တော်တို့ B.E နဲ့ စဝင်ရတယ်။ 

အခုရာထူးတိုးတာတွေက နည်းပြ၊ သရုပ်ပြကနေ လက်ထောက်ကထိက ရာထူးတိုးတယ်။ နည်းပညာတက္ကသိုလ်နဲ့ ကွန်ပျူတာတက္ကသိုလ်က နည်းပြသရုပ်ပြဆရာတွေက ကျန်ခဲ့တယ်။ ရာထူးမတိုးဘူး။ အရင်တုန်းက အတူတက်ရင်းနဲ့ကျန်ခဲ့တာပေါ့။ အဲဒီနှစ်ခုလုံးက ဆရာတွေက ရာထူးမတိုးတာက ဆယ်စုနှစ်နဲ့ချီနေပြီ။ အခုတိုးသွားတော့ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်မှာ ရှိတဲ့ အစိုးရ နည်းပညာအထက်တန်းကျောင်းက ဆရာ၊ ဆရာမတွေက ရာထူးတိုးသွားတယ်။

ကျွန်တော်တို့ အဆင့်မြင့်ပညာ ဦးစီးဌာနအောက်က နည်းပညာတက္ကသိုလ်နဲ့ ကွန်ပျူတာတက္ကသိုလ်က ဆရာ၊ ဆရာမတွေက ရာထူးမတိုးခဲ့ဘူး။ လုပ်သက်လေးနှစ် အသက်ငယ်ငယ်လေးတွေနဲ့လည်း ရာထူးတိုးသွားတယ်။ အဲဒီလူတွေကလည်း BE ဘွဲ့ရမှ တိုးတာပဲ။ သူတို့ကို သင်ပေးခဲ့တဲ့ ဆရာ၊ ဆရာမကြီးတွေတောင် မတိုးဘူး။ သူတို့ထက်တောင် ရာထူးက နိမ့်သွားတယ်။

ရာထူးတိုး မူဝါဒက အတည်တကျ မရှိဘူး။ ကျွန်တော်တို့ နည်းပညာတက္ကသိုလ်နဲ့ ကွန်ပျူတာ တက္ကသိုလ်မှာ သရုပ်ပြနဲ့ ကထိကအဆင့်ကို ရာထူးမတိုးပေးဘဲနဲ့ ကထိကကနေ တွဲဖက်ပေါမောက္ခ အဆင့်ကို အစိုးရသစ် လက်ထက်မှာတင် နှစ်ကြိမ် ရာထူးတိုးမြှင့် ပြီးသွားပါပြီ။ ကျွန်တော်တို့ကတော့ အရင်ကလည်း မတိုးဘူး။ အခုလည်း မတိုးဘဲ ကျန်နေခဲ့ကြတယ်။ အဲလိုဖြစ်နေတော့ ကျွန်တော် အလုပ်အတူတူဝင်တဲ့ သူငယ်ချင်းတွေလည်း ရာထူးတိုးမှာ ပါသွားတယ်။ 

ဇွန်လကုန်ပိုင်းက ပြုလုပ်တဲ့ အဆင့်မြင့်ပညာကဏ္ဍ နှီးနှောဖလှယ်ပွဲမှာ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက မူဝါဒ နှီးနှောဖလှယ်ပွဲမှာ သူရေးထားတဲ့စာတမ်းကို ချပြခဲ့ပါတယ်။ သူချပြခဲ့တဲ့ မူဝါဒမှာ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်တွေ ဘွဲ့နဲ့ရာထူးတိုးကို BE ဆိုရင် လက်ထောက်ကထိကနဲ့ ပင်စင်ယူရမယ့် သဘောမျိုးတွေ ပါနေပါတယ်။ အဲဒါကိုတော့ ဆွေးနွေးတုန်း ရှိပါသေးတယ်။

ရာထူးတိုးက ညီမျှမှု မရှိဘူး။ ရာထူးတိုး ထွက်လာတာကို ပွင့်လင်းမြင်သာမှု မရှိဘူး။ သူတို့က ပြန်တမ်းဝန်အရာရှိ ဖြစ်သွားပြီ။ အခု ရာထူးတိုး ပါသူတွေတောင် သူတို့ရာထူးတိုးတာကို ဓာတ်ပုံရိုက်ခွင့် မရှိပါဘူးဆိုလို့ ပြန်ပြောတာတွေ ရှိပါတယ်။ ကျွန်တော် ကွန်ပျူတာနဲ့ နည်းပညာတက္ကသိုလ်မှာရှိတဲ့ သရုပ်ပြကနေ လက်ထောက်ကထိက ရာထူးအထိကို ဆယ့်စုနှစ်အထိ မတိုးတဲ့ ဝန်ထမ်း ၂၁၆၈ ယောက်ရှိတယ်။ လုပ်သက် ၁၀ နှစ်၊ ၈ နှစ်အထိ ရှိကြပါတယ်။

ဝန်ထမ်းတိုးမြှင့်တဲ့ပုံစံက ဘက်လိုက်မှု ရှိနေတယ်။ ဝန်ထမ်းများအကြား သွေးခွဲတဲ့ပုံစံမျိုး ဖြစ်နေပါတယ်။ ဖြစ်လာနိုင်တာက နိုင်ငံတစ်နိုင်ငံရဲ့ အရေးကြီးကဏ္ဍက ပညာရေးပါ။ ပညာရေး ထမ်းဆောင်တဲ့ ဝန်ထမ်းကြား စိတ်ဝမ်းကွဲသွားရင် တပည့်ကတိုး၊ ဆရာက မတိုးဘူး။ မုဒိတာပွားရမှာကို  အခုတပည့်ကလည်း တိုးတော့ ဆရာကို မပြောရဲဘူး။ အခုဆို လူမှုကွန်ရက် စာမျက်နှာတွေမှာလည်း တက်ရေး စိတ်ဝမ်းကွဲကုန်ကြပြီ။ လုပ်ငန်းခွင် မပျော်ရွှင်တော့ဘူး။ ဌာနအတွင်း မတည်ငြိမ်မှု ဖြစ်ပေါ်စေတယ်။ 

အခုလိုမျိုး ဆရာတွေ အနေနဲ့ နစ်နာမှုက ညီမျှမှု မရှိတဲ့အတွက် နောက်ထပ်တက်လှမ်းရမယ့် အချိန်တွေ တစ်မနက်၊ တစ်ရက်ကလည်း ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ အဓိက နစ်နာတာက လုပ်ငန်းခွင်မှာ မပျော်ရွှင်ဘူး။ ဌာနတစ်ခုလုံး နစ်နာတာပါ၊ ကျွန်တော်တို့ ဖြစ်ချင်တာက  တရားမျှတ ပွင့်လင်းမြင်သာတဲ့ မူဝါဒတွေ ချမှတ်ပေးစေချင်တယ်။

ခင်မြတ်မြတ်ဝေ