News

POST TYPE

EDITOR PICK POST

အင်းစိန်ထောင်မှ ဆယ်တန်းအောင် အကျဉ်းကျသူများကို ဂုဏ်ပြုမည်
ရန်ကုန်၊ ဇူလိုင် ၁၀

အင်းစိန်အကျဉ်းထောင်တွင်း စာစစ်ဌာနမှ ယခုပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သော အကျဉ်းကျ ကျောင်းသားကိုးဦးကို  ဇူလိုင်လ ၁၅ ရက်တွင် ဂုဏ်ပြုမည် ဖြစ်ကြောင်း အင်းစိန်ဗဟိုအကျဉ်းထောင်၊ ဒုတိယညွှန်ကြားရေးမှူး ထောင်ပိုင် ဦးမျိုးဦးက ပြောကြားသည်။

“ကလေးတွေ ရှေ့ဆက်ပညာသင်ကြားခွင့်နဲ့ ပတ်သက်ပြီး ထောက်ပံ့စရိတ်တွေ ပေးမှာပါ။ ပြင်ပက အလှူရှင်တွေကလည်း ကလေးတွေ အခုလို အောင်မြင်လာတာကို ဂုဏ်ပြုချီးမြှင့်ထားတဲ့ ထောက်ပံ့စရိတ်တွေ ရှိတယ်။ အကျဉ်းဦးစီးဌာနကလည်း သူတို့ရဲ့ အကျဉ်းသားအပ်ငွေထဲကို စုပေါင်းပြီးတော့ ထည့်ဝင်ထောက်ပံ့ပေးမယ်” ဟု ၎င်းက ဆိုသည်။

တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူ ကိုးဦး၏ ဂုဏ်ပြုပွဲတွင် မီဒီယာများကို ဖိတ်ကြားရန် စီစဉ်ထားပြီး ၎င်းတို့၏ အဝေးသင်တက္ကသိုလ် ပညာသင်ကြားခွင့်နှင့် ပတ်သက်သော လိုအပ်သည့် ထောက်ပံ့စရိတ် အားလုံးကို အကျဉ်းဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အဆိုပါ အကျဉ်းထောင်ထံမှ သိရသည်။

၂၀၁၆-၂၀၁၇ ပညာသင်နှစ်၌ အကျဉ်းသား ၂၈ ဦးသည် အင်းစိန်အကျဉ်းထောင်တွင်း စာစစ်ဌာနမှ ၀င်ရောက်ဖြေဆိုရာတွင် ကိုးဦးအောင်မြင်ခဲ့ပြီး ဘောဂဗေဒ ဘာသာရပ်ဖြင့် ဂုဏ်ထူးရ ကျောင်းသားတစ်ဦး ပေါ်ထွက်ခဲ့သည်။

“လောလောဆယ် အဝေးသင်တက္ကသိုလ် စတက်ဖို့ ပြင်နေတဲ့ ဒီနှစ်အောင် ကျောင်းသား ၉ ဦးနဲ့ဆို အဝေးသင်ကျောင်းသား၂၂ ဦး ဖြစ်သွားပြီ” ဟု အင်းစိန်ဗဟိုအကျဉ်းထောင် ကျောင်းသားများကို ပညာသင်ကြားပေးခဲ့သည့် အင်းစိန်မြို့နယ် အမှတ် (၁၃) အလယ်တန်းကျောင်းမှ ဆရာမတစ်ဦးက ဆိုသည်။

အင်းစိန်အကျဉ်းထောင်က အသက်အရွယ်အရ ဆယ်တန်းဖြေရန် လိုအပ်သည်ဟု ယူဆသော ပြစ်ဒဏ်ကျ အကျဉ်းသားများကို ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစ၍ တက္ကသိုလ်ဝင်တန်း ဖြေဆိုခွင့်ပြုခဲ့ပြီး လက်ရှိအချိန်အထိ ဆယ်တန်းအောင်မြင်သူ အကျဉ်းသား ၃၀ ရှိခဲ့ပြီး ကျောင်းသားလူငယ်များမှာ မူးယစ်မှု၊ ခိုးမှု၊ လုယက်မှု၊ လူသတ်မှုတို့ဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။

ယခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖွင့်လှစ်ခဲ့သော အကျဉ်းထောင်တွင်း အလယ်တန်းကျောင်းခွဲ၌ ပညာသင်ကြားနေသည့် ကျောင်းသားများစာရင်းအရ သူငယ်တန်းမှ သတ္တမတန်းအထိ ကျောင်းသား ၅၀ ဦး၊ ရှစ်တန်းနှင့် ကိုးတန်းအဆင့် ကျောင်းသား ၃၀ ဦးနှင့် တက္ကသိုလ်ဝင်တန်း ကျောင်းသား ၃၃ ဦးတို့ကို အကျဉ်းကျ ကျောင်းဆရာဆယ်ဦးက အမြဲသင်ကြားပေးလျက်ရှိပြီး အစိုးရ ရုံးပိတ်ရက်များတွင် အင်းစိန်မြို့နယ် အထက်တန်းကျောင်းမှ ဆရာ/ဆရာမ အင်အား ၂၆ ဦးက ဖြည့်စွက်သင်ကြားလျက် ရှိကြောင်း အဆိုပါ အကျဉ်း ထောင်ထံမှ သိရသည်။

J-17