POST TYPE

EAT

ငြိမ်းချမ်းကျော်နဲ့ တွေ့ဆုံခြင်း
10-Dec-2016 tagged as

ဇာတ်ကား မရိုက်ကူးခင်တည်းက ဝေဖန်မှုရှိခဲ့တဲ့ မေထုန်ရာသီဖွား ရုပ်ရှင်ဇာတ်ကား ရုံတင် ပြသတော့မယ့်အပေါ် မျှော်မှန်းချက်၊ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်၊ ဇာတ်ကားကို ထုတ်လုပ် ရိုက်ကူးဖြစ်ပုံ၊ လူမှုကွန်ရက်မှာ ၎င်းကို Gay ဆိုတဲ့ ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး သရုပ်ဆောင် ငြိမ်းချမ်းကျော်ကို The Voice က တွေဆုံမေးမြန်း ထားပါတယ်။

Voice : မေထုန်ရာသီဖွား ရုပ်ရှင်ကား စရိုက်တည်းက ဝေဖန်မှုတွေ ရှိပြီး ရုံတင်တော့မှာဆိုတော့ ပရိသတ်အားပေးမှုကို ဘယ်လောက်ထိ မျှော်မှန်းထားလဲ။
NCK : မေထုန်ရာသီဖွား ဇာတ်ကားက ဇာတ်ကား မရိုက်ကူးခင်တည်းကလည်း ဝေဖန်မှုတွေ များခဲ့တယ်။ ဝေဖန်မှုများတဲ့အလျောက် ထောက်ခံတဲ့သူရော၊ ကန့်ကွက်တဲ့သူရော အများဆုံး ရှိသွားတော့၂၀၁၆ ခုနှစ်အတွက် ဝေဖန် အခံရဆုံး ရုပ်ရှင် ဇာတ်ကားဖြစ်ခဲ့တယ်။ အခု အဲဒီဇာတ်ကား ရုံတင်တော့မယ်ဆိုတဲ့ အချိန်မှာ ပုံမှန် ရိုက်ကူးနေကျ မဟုတ်တဲ့ ဇာတ်လမ်း အမျိုးအစားက ခွဲထွက်ထားတဲ့ ဇာတ်ကားမျိုးကို ရုံတင်တော့မှာဆိုတော့ ဝမ်းသာမိပါတယ်။

Voice : ဘယ်လို ဇာတ်ရုပ်မျိုး ပါဝင် သရုပ်ဆောင်ထားလဲ။
NCK : ကျွန်တော်က နေသစ် ကာရိုက်တာနဲ့ ပါဝင် သရုပ်ဆောင်ထားတယ်။ ကျောင်းသား ဘဝတုန်းက သစ်ဝေဆိုတဲ့ ကောင်လေး တစ်ယောက်နဲ့ စတွေ့ပြီး ကြိုက်ခဲ့တယ်။ သစ်ဝေနဲ့ ပေါင်းဖက်နိုင်ရေးအတွက် အခက်အခဲ များစွာ ရုန်းကန်ကြိုးစားခဲ့တယ်။ နောက်ပိုင်းမှာ သူ ဝါသနာပါတဲ့ စာရေးဆရာ တစ်ယောက် ဖြစ်လာခဲ့တယ်။

Voice : သရုပ်ဆောင်မှု အပိုင်းမှာ အားရတဲ့ အခန်းတွေ ဘယ်အခန်းတွေ ဖြစ်မလဲ။
NCK : အနှစ်သက်ဆုံး ဇာတ်ဝင်ခန်းတွေက ပထမဦးဆုံး နေသစ်က သူ အိပ် မပျော်တဲ့ ညလေးမှာ သစ်ဝေ အိပ်ပျော်နေတာကို ထိုင်ကြည့်ပြီးတော့ ပန်းချီ ဆွဲနေတဲ့ အခန်းလေး။ သူတို့နှစ်ယောက် ပထမဦးဆုံး စပြီးတော့ ချစ်သွားတယ် ပြောလို့ရတဲ့ အခန်းလေးပေါ့။ သူ ကျွန်တော်ကိုလာပြီး လက်မောင်းကို လာဆုပ်ကိုင်လိုက်တဲ့ အချိန်မှာ လန့်သွားပြီး ကြက်သီး ထသွားတဲ့ ပုံစံမျိုးလေးအထိ အိုက်တင် လုပ်ထားတယ်။ နောက်ထပ် သဘောကျတဲ့ အခန်းက ကျွန်တော့်ကို အေးမြတ်သူ လာတွေ့တဲ့အခန်း။ အဲဒီမှာ သူ့ကို ပြန်ပြောတဲ့ ဒိုင်ယာလော့ခ်နဲ့ နောက်ဆုံး အေးမြတ်သူ ထွက်သွားတဲ့ အချိန်မှာ အခန်းထဲ တစ်ယောက်ယောက် ဝင်လာတာကို ပြန်လှည့်ကြည့်ပြီး ပြုံးပြလိုက်တဲ့ အခန်းက အခန်းထဲကို သစ်ဝေပဲ ဝင်လာသလိုလို အဲဒီဇာတ်ဝင်ခန်းတွေကို တော်တော်လေး အားရ ကျေနပ်မိတယ်။

Voice : ဒီကားက မြန်မာနိုင်ငံမှာ ပထမဦးဆုံး လိင်တူချစ်ကြိုက်ကား ဆိုတော့ ဘယ်လို အချက်တွေကြောင့် ဒီဇာတ်ကားကို ထုတ်လုပ် ရိုက်ကူးဖြစ်တာလဲ။
NCK : မြန်မာနိုင်ငံမှာ ပထမဦးဆုံး လိင်တူချစ်ကြိုက်ကားမှာ ပါဝင်ဖြစ်တာက ရိုးရိုးရှင်းရှင်းပဲ။ ကျွန်တော်ရဲ့ မိခင် ထုတ်လုပ်ရေးတိုက်ဖြစ်တဲ့ ဥဒါန်း ထုတ်လုပ်ရေးကနေ ကျွန်တော့်ကို ရုပ်ရှင် စရိုက်တော့မယ့်အချိန်မှာ သရုပ်ဆောင်သစ် တစ်ယောက် အနေနဲ့ ပရိသတ်ကနေ အသိအမှတ် ပြုသွားတဲ့ ဇာတ်ကားမျိုး ရွေးချယ်တဲ့အခါမှာ အပြင်မှာလည်း တကယ်ကို ရှိနေတဲ့ ကာရိုက်တာ၊ ဒီမှာလည်း ဘယ်သူမှ မရိုက်ရသေးတဲ့ ကာရိုက် တစ်ခုကို ရွေးချယ် သရုပ်ဆောင်ခဲ့တာပါ။

Voice : လိင်တူ ချစ်သူတွေနဲ့ ပတ်သက်ပြီး လူအဖွဲ့အစည်းတွေရဲ့ အမြင်တွေကို ဒီကားက ပြောင်းလဲပေးနိုင်မယ် ထင်လား။
NCK : လိင်တူချစ်သူ ဇာတ်ကားနဲ့ ပတ်သက်ပြီး လူအဖွဲ့အစည်းတွေက လက်ခံမလားဆိုတဲ့ အပေါ်မှာဆိုရင် ဥပမာ-  ကျွန်တော် ဆိုရင် နန်းကြီးသုပ် မကြိုက်ဘူး။ နန်းကြီးသုပ်ကို မကြိုက်ဘူး ဆိုတာပဲ ရှိတယ်။ နန်းကြီးသုပ်ထဲမှာ ဘာတွေပါတယ်၊ ဘယ်လို လုပ်လဲဆိုတာ ကျွန်တော် မသိထားဘူး။ စာဖတ် လိုက်တယ် နန်းကြီးသုပ်ထဲမှာ ဘာတွေ ပါတယ်၊ ဘယ်လို အမျိုးအစားတွေနဲ့ လုပ်ထားတယ်ဆိုတာ သိသွားတယ်။ သိသွားတာပဲ ရှိတယ်။ နန်းကြီးသုပ်ကို မကြိုက်တာက မကြိုက်တာပဲ။ အုန်းနို့ ခေါက်ဆွဲကို ကျွန်တော် ကြိုက်တယ်။ အဲဒီလိုပဲ ကျွန်တော် ကြိုက်တာက ကြိုက်တာပဲ။ ဒီလို သဘောမျိုးပါပဲ အခု ဒီဇာတ်ကားက လိင်တူချစ်သူတွေနဲ့ ပတ်သက်ပြီး သူတို့ ဘယ်လို သဘောမျိုးလဲဆိုတာ သိသွားတယ်။ လက်ခံတဲ့သူ လက်ခံမယ်၊ လက်မခံတဲ့သူ လက်မခံဘူး။ အဲဒီ သဘောမျိုးလို့ပဲ ကျွန်တော် ထင်တယ်။

Voice : အမေရိကားမှာ ရုံ တင်ပြသတုန်းက ပရိသတ်တွေဆီက အသံတွေ ဘယ်လိုကြားရလဲ၊ ကျေနပ်အားရမှုအပေါ် ပတ်သက်ပြီး ပြောပြပါဦး။
NCK : အမေရိကားမှာ ရုံတင်ပြသတုန်းက အမေရိကန်နိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ၊ အမေရိကန် လူမျိုးတွေက Subtitle ပါတဲ့အတွက်ကြောင့် ကြည့်ဖြစ်ကြတယ်။ ဇာတ်ကားကြည့်တဲ့သူတွေကို အမေရိကားမှာ ရောက်နေတဲ့ သရုပ်ဆောင် ဥက္ကာမင်းမောင်က အင်တာဗျူး သဘောမျိုး လုပ်ထားတာတွေ ပြန်ကြည့်ရတော့ သူတို့ သဘောကျတာ တွေ့ရတယ်။ ကျွန်တော်တို့ လုံးဝ မမျှော်မှန်းထားတဲ့ LA Weekly သတင်းစာက အဲဒီမှာ ရုံတင်ဇာတ်ကားတွေကို Review ပြန်ရေးတဲ့အပိုင်းရှိတယ်။ တော်ရုံတန်ရုံ မရေးဘူးလို့ သိရတယ်။ ဒီဇာတ်ကားကို သူတို့ကြုံကြိုက်လို့ ကြည့်ဖြစ်တုန်းက Review ရေးထားတာကို အွန်လိုင်းမှာ တင်ထားတာ တွေ့ရတယ်။ LA Weekly မှာပါတာ ပြန်ဖတ်ကြည့်တဲ့အခါမှာ စက်မှုပိုင်းဆိုင်ရာ အခက်အခဲ၊ အသံပိုင်းဆိုင်ရာ အခက်အခဲတွေကလွဲလို့ ဇာတ်လမ်း တင်ပြပုံ၊ ရိုက်ကူးမှုပုံစံ၊ သရုပ်ဆောင်တာတွေကို ကောင်းတာကို သူတို့ တရားဝင် ဝက်ဘ်ဆိုက်မှာ ရေးထားတာ တွေ့ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်။ ဝမ်းသာတယ် ဆိုတဲ့နေရာမှာ ကျွန်တော့်ဇာတ်ကား အနေနဲ့ မဟုတ်ဘဲနဲ့ မြန်မာရုပ်ရှင် ဇာတ်ကား တစ်ကားကို နိုင်ငံတကာက အမြင် မတူနိုင်တဲ့ တခြားသူတွေက ကြည့်ရှုပြီးတဲ့အခါမှာ သူတို့ရဲ့ ကျေနပ်အားရတဲ့ စကားတွေ ဖတ်ရတာကြောင့် မြန်မာဇာတ်ကား တစ်ကား ထုတ်လုပ်သူအနေနဲ့ ကျေနပ်အားရမိတာပါ။

Voice : ဒီကားရိုက်ကူးတုန်းက ပထမဦးဆုံး သရုပ်ဆောင်ဖို့ ကမ်းလှမ်းထားတဲ့သူတွေ မပါဝင်ဖြစ်ဘူး ဆိုတော့ အဲဒီအပေါ် ခံစားချက် ဘယ်လိုရှိလဲ။
NCK : မေထုန်ရာသီဖွား ရုပ်ရှင် ဇာတ်ကားကို ပထမဦးဆုံး ရိုက်ကူးတဲ့အချိန်မှာ အကြောင်းကြောင့် မပါဝင်ဖြစ်တဲ့ သရုပ်ဆောင် နှစ်ယောက် ရှိပါတယ်။ သူတို့နဲ့ ပတ်သက်လို့ ကျွန်တော့်အနေနဲ့ ထွေထွေထူးထူး ပြောစရာ မရှိပါဘူး။ လူတိုင်းက ကိုယ်ပိုင် အခွင့်အရေး ရှိပါတယ်။ သူတို့အနေနဲ့ ဒီဇာတ်ကားကို အခက်အခဲ အမျိုးမျိုးကြောင့် မရိုက်ကူးဖြစ်ဘူးလို့ ခံယူထားပါတယ်။

Voice : ဒီဇာတ်ကားကို ပြန်ကြည့်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် သရုပ်ဆောင်မှု အပိုင်းတွေ ကျေနပ်ရဲ့လား။
NCK : ဒီဇာတ်ကားကို ပြန်ကြည့်တဲ့ အခါမှာ ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရမှု ရှိတာထက် ကြည့်ပြီးတဲ့ သူတိုင်းက နေသစ်ဆိုတဲ့ ကာရိုက်တာနဲ့ ပတ်သက်ပြီး ချီးကျူးကြပါတယ်။ အဓိက အားဖြင့် ပညာရှင်ပိုင်းတွေ ဝါရင့် သရုပ်ဆောင်တွေ၊ ဒါရိုက်တာကြီးတွေ၊ စက်မှုပိုင်း တတ်ကျွမ်းသူတွေက ခက်ခဲတဲ့အပိုင်း တစ်ခုကို Detail တိတိကျကျ သရုပ်ဆောင်နိုင်တဲ့အတွက် ချီးကျူးကြတဲ့အပေါ်မှာ ကျေနပ်အားရမိတယ်။

Voice : လူမှုကွန်ရက်မှာ ပထမဦးဆုံး Gay မင်းသားဆိုပြီး နာမည်ပေး ပြောဆိုကြတဲ့ အဲဒီအပေါ် ဘယ်လိုခံစားရလဲ။
NCK : လူမှုကွန်ရက်မှာ Gay မင်းသားဆိုပြီး နာမည်တပ် ပြောဆိုနေကြတာ တွေ့ပါတယ်။ အဲဒီမှာ အဓိပ္ပာယ်က နှစ်ခွ ဖြစ်သွားတယ်။ တကယ်အပြင်က Gay ကပဲ မင်းသားလုပ်သလိုလို၊ Gay အဖြစ် သရုပ်ဆောင်တဲ့ မင်းသားလိုလို အဲဒီအပေါ်မှာ ဘာမှ မပြောလိုပါဘူး။ ဒီအပေါ်မှာ စိတ်ဝင်စားမှု ရှိတဲ့အတွက်ကြောင့် ပြောဆိုကြတာလို့ မှတ်ယူထားပါတယ်။ ကျွန်တော် ဘာလဲဆိုတာ ကျွန်တော့်နဲ့ ပေါင်းသင်း ဆက်ဆံတဲ့ သူတွေက သိတာဆိုတော့ အဲဒီအပေါ်မှာ ထွေထွေထူးထူး ရှင်းပြစရာ မလိုပါဘူး။

Voice : အယူတော် မင်္ဂလာ ဇာတ်ကားထဲမှာ ဘယ်လို ဇာတ်ဆောင်မျိုး သရုပ်ဆောင်ထားလဲ။
NCK : အယူတော် မင်္ဂလာ ဇာတ်ကားက နိုဝင်ဘာလထဲမှာ ရိုက်ကူးထားပါတယ်။ မန်းဒေးဆိုတဲ့ မော်ဒယ် အေဂျင်စီ ပိုင်ရှင် တစ်ယောက်ပေါ့။ Yes ဆိုတဲ့ လူကြီးတစ်ယောက်ကို ကျွန်တော့် သူငယ်ချင်းတွေက ပညာပေးပြီး ပြန်လိမ်ထားတဲ့ ဇာတ်မှာ တစ်ထောင့် တစ်နေရာကနေ ပါဝင်ထားပါတယ်။

Voice : နောက်ထပ် ဘယ်လို ဇာတ်ကားမျိုးတွေ ဆက်လက် ရိုက်ကူးသွားဖို့ ရှိလဲ။
NCK : ရိုက်ကူးဖို့ ကျန်နေသေးတဲ့ လက်ကျန် ဇာတ်ကားတွေ ရိုက်ကူးသွားမယ်။ တခြား ထုတ်လုပ်ရေးတိုက် တစ်ခုက ဥရောပနိုင်ငံမှာ သွားရောက် ရိုက်ကူးမယ့် ဇာတ်ကား တစ်ကားမှာ ပါဝင် သရုပ်ဆောင်ဖို့ ရှိတယ်။ နောက်ထပ်လည်း ပရိသတ် စိတ်ဝင်စားစေမယ့် ဇာတ်ကားမျိုးတွေ ဆက်လက် ရိုက်ကူးသွားဖို့ ရှိပါတယ်။

ဆုအိနြေ္ဒဦး

  • TAGS