News

POST TYPE

EAT

မန္တလေးကို ရောက်လျှင်
01-Aug-2016 tagged as

မန္တလေးကို အလည်ရောက်ကြတဲ့ အခြားနယ်သား သူငယ်ချင်းများကို စာရေးသူက ဘယ်တွေရောက်ခဲ့တုန်း၊ ဘာတွေစားခဲ့တုန်းမေးရင် ပြန်ဖြေကြတဲ့ အဖြေတွေကတော့ ဖော်မြူလာကျကျပါပဲ။ မန္တလေးတောင်သွားတယ်၊ မဟာမြတ်မုနိဘုရားဖူးတယ်၊ ကျုံးဘေးလမ်းလျှောက်တယ်၊ ဆိုင်တွေကတော့ အစုံပဲ၊ စားလို့ကောင်းလိုက်တာ ဆိုတာမျိုးတွေပဲ ကြားရပါတယ်။ ခရီးသွား လုပ်ငန်းတွေကလည်း အထင်ကရ နေရာတွေနဲ့ အထင်ကရ စားသောက်ဆိုင်တွေကို ပို့လေ့ရှိကြတာပါ။

တကယ်တော့ မန္တလေးမှာ ဒေသခံ မပါရင် မန္တလေးရဲ့ ဒေသန္တရ အနှစ်သာရ (Local Life) ကို သိဖို့ ခက်ပါတယ်။ မန္တလေးမှာ ဒေသခံတွေနဲ့ သွားရင်းလာရင်းနဲ့ ပိုပြီးအံ့သြဖို့ ကောင်းနေတဲ့၊ ဒေသန္တရ အနှစ်သာရကို ပေးနိုင်တဲ့ နေရာလေးတွေ အများကြီး ရှိပါတယ်။ ဒီတစ်ခါတော့ မန္တလေးကို အလည်ဖြစ်ဖြစ်၊ အလုပ်သဘောနဲ့ဖြစ်ဖြစ် ရောက်တဲ့သူတွေအတွက် လည်စရာ ပတ်စရာ နေရာတွေထက် စားစရာ သောက်စရာ နေရာလေးတွေကို ညွန်းချင်ပါတယ်။ အချို့သော ဆိုင်များက သိပြီးဖြစ်ပါလိမ့်မယ်။ အချို့သော နေရာများကတော့ အမှတ်မဲ့ သတိမထားမိတာလည်း ဖြစ်နိုင်ပါတယ်။ 

မန္တလေးမှာ မနက်မိုးလင်းလို့ ဘာစားရမလဲ ဆိုတာနဲ့ပဲ စပြောရရင် မန္တလေးက လူတွေအားလုံးကတော့ လက်ဖက်ရည်ဆိုင်ကို သွားကြတာပါပဲ။ မန္တလေးရဲ့ လက်ဖက်ရည်ဆိုင်တွေဟာ ပုံမှန်အစားအစာတွေဖြစ်တဲ့ ပလာတာ၊ လက်ဖက်ရည်၊ အီကြာကွေး၊ နံပြားသာမက ရှမ်းခေါက်ဆွဲ၊ မုန့်တီ၊ တိုရှည်၊ချာပါတီ၊ အချို့ဆိုင်ကြီးတွေဆို ပဲထမင်း၊ အုန်းထမင်း၊ ဒံပေါက်၊ ကောက်ညှင်းပေါင်း၊ ငချိတ်ပေါင်း၊ မြီးရှည်အထိ ရွေးစရာ မကုန်အောင် ရတတ်ကြပါတယ်။ 

လက်ဖက်ရည်ဆိုင်တွေထဲမှာ အခုနောက်ပိုင်း အစားအစာ အများဆုံး ရွေးချယ်နိုင်တာကတော့ ပန်းသခင်နဲ့ မင်းသီဟပါ။ မန်းမြို့တော်ဟာ သူ့ရဲ့ ကိုယ်ပိုင်ပေါက်စီနဲ့ နာမည်ကြီးတယ် ဆိုပေမယ့် သူလည်းပဲ အစုံအလင် ရပါတယ်။ ရွှေပြည်မိုး လက်ဖက်ရည်ဆိုင်ကလည်း ရွေးချယ်စရာ အများသားပါ။ ဒီဆိုင်ကြီးတွေဟာ ဆိုင်ခွဲတစ်ဆိုင်နဲ့ အထက်ရှိပါတယ်။ ပန်းသခင်ဆိုရင် ၃၅ လမ်းနဲ့ လမ်း ၈၀ ထောင့်မှာ တစ်ဆိုင်၊ ၂၉ လမ်းနဲ့ လမ်း ၇၀ ထောင့်မှာ တစ်ဆိုင်၊ လူအတိုးအများဆုံး ၂၁ လမ်းနဲ့ ၂၂ လမ်းကြား ၈၃ လမ်းပေါ်မှာ တစ်ဆိုင်၊ ဒီသုံးဆိုင်က နာမည်ကြီးပါတယ်။ လူအတိုး အများဆုံးဆိုင်နဲ့ မနီးမဝေးမှာ ကရဝိတ် လက်ဖက်ရည်ဆိုင် ရှိပါတယ်။ ဒီဆိုင်တွေဟာ  မနက်ခင်းစာသာမက နေ့လယ်စာနဲ့ ညနေစာတွေပါ ရတဲ့ဆိုင်တွေ ဖြစ်ပါတယ်။ တစ်ဆိုင်နဲ့တစ်ဆိုင် ရနိုင်တာချင်း ဆင်ပေမယ့် အရသာကလည်း ဘယ်သူက ပိုကောင်းတယ်ဆိုတာ ပြောဖို့ခက်ပါတယ်။

မင်းသီဟကတော့ မန္တလေး လက်ဖက်ရည်ဆိုင် လောကမှာ နေ့ခင်းစာတွေပါ စုံလင်အောင်ရောင်းတဲ့ ခေတ်တစ်ခေတ်ကို အစပြုခဲ့တာပါ။ သူလည်း ဆိုင်ခွဲတွေ အများကြီး ရှိပေမယ့် ၁၉ လမ်းနဲ့ ၈၂ လမ်းထောင့်က ဆိုင်၊ ၂၈ လမ်းနဲ့ ၇၂ လမ်းထောင့်က ဆိုင်တွေက လူသိများပါ တယ်။ သူ့ရဲ့ကော်ပြန့်ကြော်က နာမည်ကြီးသလို သူတီထွင်ခဲ့တဲ့ မင်းသီဟ ပဲကိတ်ဆိုတာလည်း တစ်ပြည်လုံး ပေါက်ပါတယ်။ 

ရွှေပြည်မိုးကတော့ မန္တလေး ဆေးတက္ကသိုလ်နဲ့ မျက်နှာချင်းဆိုင်မှာ တစ်ဆိုင်၊ ၂၆ ဘီလမ်း၊ အရှေ့ကျုံးထောင့်၊ ဆီဒိုးနားဟိုတယ်နားမှာ တစ်ဆိုင်ရှိပါတယ်။ သူလည်း ရွေးချယ်စရာများပြီး အရသာ ကောင်းပါတယ်။ 

ဒီလို လက်ဖက်ရည်ဆိုင်တွေမှ မစားချင်ဘူး။ သူ့စားစရာနဲ့သူ နာမည်ကြီးတာမှ စားချင်တာ ဆိုရင်တော့ ပထမဆုံး စဉ်းစားသင့်တာကတော့ မန္တလေး နန်းကြီးသုပ်ပါ။ နန်းကြီးသုပ် ဆိုရအောင်ပဲ ရန်ကုန်က နန်းကြီးသုပ်ထက် သုံးဆလောက်ကြီးတဲ့ မုန့်ဖတ်ကြီးတွေက အသည်းယားစရာပါ။ နန်းကြီးသုပ်မှာ ဘုရင်တွေကတော့ ဒေါ်စိုးစိုးနဲ့ ဒေါ်သန်းမြ မုန့်တီတွေပါပဲ။ ဒေါ်သန်းမြ မုန့်တီဟာလည်း ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရ။ ဒေါ်စိုးစိုး မုန့်တီဟာ ဆိုရင်လည်း လမ်းကြားလေးထဲ ဖွင့်ထားတာတောင် တကူးတက သွားစားရလောက်အောင် ကောင်းလွန်းပါတယ်။ ဒေါ်မြသန်းမုန့်တီက ၈၃ လမ်းနဲ့ ၈၄ လမ်းကြား၊ လမ်း ၄၀ မှာရှိပြီး၊ ဒေါ်စိုးစိုး မုန့်တီကတော့ ၃၀နဲ့ ၃၁ လမ်းကြား ၈၄ လမ်းနဲ့ ၈၅ လမ်းကြားက လမ်းကြားလေးထဲမှာ ရှိပါတယ်။  စာရေးသူကတော့ သူငယ်ချင်းတွေကို ဒေါ်စိုးစိုးမှာ လိုက်ကျွေးလေ့ရှိပြီး အရှေ့တောင်အာရှမှာ အကောင်းဆုံးမုန့်တီ၊ အကောင်းဆုံး နန်းကြီးသုပ်လို့ ကြွားလေ့ရှိပါတယ်။ မုန့်တီတင်မက ခေါက်ဆွဲပြားသုပ် (ရန်ကုန်က နန်းပြားသုပ်နဲ့ မတူပါ) နဲ့ ငါးဖယ်ပေါင်းလို ထူးထူးဆန်းဆန်း စားစရာလေးလည်း ရတတ်ပါတယ်။

ရှမ်းခေါက်ဆွဲနဲ့ ပတ်သက်ရင် နာမည်ကြီးတွေ ရှိပေမယ့် အများစုကတော့ မိုးကုတ်ဒေါ်ရှန်ကို ပြေးကြလေ့ ရှိပါတယ်။ ဒိုင်းမွန်းပလာဇာကြီးနောက် ၇၉ လမ်းပေါ်မှာ ရှိပါတယ်။ ရှမ်းခေါက်ဆွဲမျိုးစုံ သာမက မိုးကုတ်ဘက်မှာ ရတတ်တဲ့ မုန်ညင်းပေါင်း၊ မြီးရှည်နဲ့ ရှမ်းရိုးရာ အစားအစာတွေဟာ အံ့သြဖွယ် ကောင်းလောက်အောင် အရသာ ရှိပါတယ်။ ဝက်ခေါက်ကြော်၊ တိုဟူးပြားကြော်နဲ့  မုန်ညှင်းချဉ်တွေကလည်း တောင်ပေါ်ရနံ့ စစ်စစ်ပါ။ 

မြီးရှည်နဲ့ ပတ်သက်ရင်တော့ ၁၆ လမ်းမြီးရှည်လို့ လူသိများတဲ့ ၁၆ လမ်းနဲ့ ၈၆ လမ်းထောင့်က မြီးရှည်ပါ။ မိုးကာလေးနဲ့ ခွေးခြေခုံကလေးတွေနဲ့ လမ်းဘေးတင်ရောင်းတာ ဆိုပေမယ့်လို့ ဆိုင်ဖွင့်တာနဲ့ ကားတွေ ဆိုင်ကယ်တွေ ကြိတ်ကြိတ်တိုးအောင် အားပေးခံရတာပါ။ ဝက်တစ်ကောင်လုံးမြီးရှည် ဆိုရင် ဝက်တစ်ကောင်လုံးမှာပါတဲ့ အစိတ်အပိုင်းပေါင်းစုံနဲ့ ရပါတယ်။ 
စားသုံးသူ ဘယ်သူမဆို တစ်ပွဲတည်းနဲ့ အားမရတာ သူ့ရဲ့ အားသာချက်ပါ။ နောက်တစ်ဆိုင်ကတော့ မန္တလေး ဗထူးအားကစားကွင်းနားက ဆိုင်ပါ။ ၇၁ လမ်းနဲ့ လမ်း ၃၀ ထောင့်မှာပါ။ သူလည်း မြီးရှည်မှာ နာမည်ကြီးပါတယ်။ ဘယ်သူက ပိုကောင်းတယ် ဆိုတာကတော့ စားသုံးသူ အကြိုက်ပါပဲ။

မနက်စာတွေ ညွှန်းတာများသွားပြီမို့ နေ့လယ်စာလေး ရွေးကြရင် အခုနောက်ပိုင်း နာမည်ကြီးတာက  ဒေါင်းလန်းကြီး မြန်မာထမင်းဆိုင်ပါ။ ဆိုင်ကလည်း တကယ့်ကို မြန်မာ့ရိုးရာဟန်အပြည့်၊ မြန်မာ့ရိုးရာ အညာထမင်းဟင်းတွေ အစုံအလင် ရပါတယ်။ ဝန်ကြီးပဒေသရာဇာရဲ့ နွေဦးကာလ မြူထသောအခါ ကဗျာထဲကလို လူခြောက်ယောက် လက်ရည်တစ်ပြင်တည်း စားရတဲ့ ဒေါင်းလန်းလို့ခေါ်တဲ့ လင်ပန်းကြီးနဲ့ ဝိုင်းစားနိုင်သလို တစ်ဦးချင်းလည်း မှာစားနိုင်ပါတယ်။ လမ်း ၃၀ နဲ့ ၈၁  လမ်းထောင့်မှာရှိတဲ့ အေးမေတ္တာက သက်တမ်းပိုရှည်ပြီး မြန်မာထမင်းဟင်းနဲ့ ပတ်သက်ရင် နာမည်ကြီးပါတယ်။ ဟိန္ဒူစာထမင်းဟင်း စားချင်ရင်တော့ ၂၇ လမ်းနဲ့ ၈၁ လမ်းထောင့်က ပန်းချယ်ရီက အစားအသောက်စုံလင် နာမည်ကြီးသလို အသက် ၆၀ နှစ်အထက် မန္တလေး ရောက်ဖူးတဲ့ သူတွေကတော့ ၂၈ လမ်းနဲ့ ၈၁ လမ်းထောင့်မှာရှိတဲ့ သက်တမ်းရင့် မြို့မဟိန္ဒူ ထမင်းဆိုင်ကို တကူးတက သွားစားကြပါတယ်။  

ဒီလိုဆိုင်ကြီးတွေမှာ မစားချင်ဘူး ဆိုရင်တော့ ရှမ်းထမင်းဟင်း၊ မြန်မာထမင်းဟင်း ပုံစားဆိုင်လေးတွေ ရှိပါတယ်။ ပုံစားစနစ်ကို တီထွင်ခဲ့တဲ့ ဆိုင်လေးတွေလို့တောင် ပြောလို့ရပါတယ်။ အများစုက ၇၃ လမ်းနဲ့  ၃၃ လမ်း တစ်ဝိုက်မှာ ရှိပါတယ်။ ဟင်းနှစ်မျိုး၊ အရွက်နှစ်မျိုးနဲ့မှ ငွေတစ်ထောင်ကနေ တစ်ထောင့်ငါးရာအတွင်း သာကျသင့်ပါတယ်။ ဆိုင်တွေများလွန်းတာရယ်၊ ဘယ်ဟာကောင်းတယ်ဆိုတာ ပြောဖို့ခက်တာရယ်ကြောင့် ၇၃ လမ်းနဲ့ ၃၃ လမ်း တစ်ဝိုက်မှာသာ လိုက်ရှာစားကြပါလို့ ညွှန်းချင်ပါတယ်။

ဇလုံကြီးကတော့ မြန်မာထမင်းဟင်းကို ဇလုံထဲထည့်ပြီး အားပါးတရစား ဆိုတဲ့ သန့်ရှင်းသက်သာဆိုင်ပါ။ နာမည်ကြီးသလို အလည်အပတ်လာသူတွေ သာမက  မန္တလေး ဒေသခံတွေရဲ့ အကြိုက်ပါ။ ၃၁ လမ်း၊ ၇၆ လမ်းနဲ့ ၇၇ လမ်းကြားမှာ ရှိပါတယ်။ 

ထမင်းစားပြီးလို့ မွန်းလွဲ ၃ နာရီလောက် ဘာစားရမှန်းမသိ ဖြစ်နေရင်တော့ အထက်က ပြောခဲ့တဲ့ လက်ဖက်ရည်ဆိုင်တွေကို သွားကြည့်ပါ။ မီနူးပြောင်းသွားပါပြီ။ ပန်းသခင်က အာလူးကက်တလိပ်၊ ဖက်ထုပ်ကြော်နဲ့ ဘိန်းမုန့် နာမည်ကြီးသလို ကရဝိတ်က ငှက်ပျောတုံး၊ ဆနွင်းမကင်း၊ အာလူးကက်တလိပ်နဲ့ မော်ဒယ်အီကြာကွေးလို့ ခေါ်တဲ့ လက်တစ်ဝါးစာလောက်တောင် မရှည်တဲ့ အီကြာကွေး သေးသေးလေးတွေကို မလိုင်နဲ့တို့စားစား၊ ပဲပြုတ်နဲ့တို့စားစား အဆင်ပြေလှပါတယ်။ မင်းသီဟနဲ့ ရွှေပြည်မိုးမှာလည်း နေ့ခင်းစာ အထူးအဆန်းလေးတွေ ရတတ်ပါတယ်။ 

ဒီလိုမှ မဟုတ်ရင်တော့ ခိုတောင်မုန့်တီ ဆိုတာ ရှိပါတယ်။

သူက မနက်ခင်းစာ နန်းကြီးသုပ်တွေလို အသားငါးတွေနဲ့ ပွဲကြီးကြိုက် မဟုတ်ဘဲ ပဲသီး၊ ကြက်သွန်နီ၊  ပဲပင်ပေါက်ချဉ်၊ ဂေါ်ဖီထုပ်လေးနဲ့ အိမ်လုပ် (Homemade) ဆန်ဆန် စားလို့ကောင်းလှပါတယ်။ ၂၉ လမ်းနဲ့ ၆၃ လမ်းထောင့်၊ အောင်တော်မူဘုရားရှေ့က လမ်းလေးမှာရောင်းတဲ့ မပြုံးခိုတောင်မုန့်တီလို့ ခေါ်တဲ့ ဆိုင်လေးက အခုတလော နာမည်ကြီးပါတယ်။ ခိုတောင်မုန့်တီသာမက နန်းကြီးသုပ်ကို ခိုတောင်မုန့်တီလို သုပ်ပေးတာလည်း ရှိပါတယ်။ ခေါက်ဆွဲသုပ်လည်း ရပါတယ်။ ပိုပြီး အဆင်ပြေတာကတော့ ကပ်လျက်မှာ Blue ဆိုတဲ့ လက်ဖက်ရည်ဆိုင်ရယ်၊ ရန်ကုန် ဝက်သားတုတ်ထိုးဆိုင်ရယ် ရှိတာပါပဲ။

ဒါမှမဟုတ် ဗထူးကွင်းနားက ကော်ပြန့်ကြော်ဆိုင်လည်း ရှိပါတယ်။ ဒီလိုမှ မဟုတ်ရင်လည်း လမ်းထောင့်တွေမှာ တွေ့ရတတ်တဲ့ ဗယာကြော်၊ ဘူးသီးကြော် အစုံရတဲ့ အကြော်ဆိုင်လေးတွေက အကြော်စုံဝယ်ပြီး လက်ဖက်ရည်နဲ့ စားရတာလည်း အရသာတစ်မျိုးပါ။ မုန့်ပစ်သလက်လို့ ခေါ်တဲ့ မုန့်ပျားသလက် ဆိုင်လေးတွေကလည်း မွန်းလွဲ ၃ နာရီ တစ်ဝိုက်ဆို ရှိတတ်ပါတယ်။ အကြော်ရယ်၊ မုန့်ပျားသလက်ရယ်၊ လက်ဖက်ရည်ရယ်ပါဆယ် ဆွဲပြီး အိမ်မှာ ထိုင်စားရတဲ့ စည်းစိမ်က အတော့်ကို ဇိမ်ကျလှပါတယ်။ 

ဒီလိုမှမဟုတ် နည်းနည်းလေး ခေတ်မီလိုက်ဦးမယ် ဆိုရင်တော့ ၈၃ လမ်းနဲ့ ၂၅ လမ်းထောင့်က နိုင်လွန်အအေးဆိုင်ကို သွားပါ။ မန္တလေးမှာ ခေတ်မီ အိုက်စခရင်မ်ဘားတွေ ပေါ်လာပေမယ့် နှစ်ပေါင်း ၃၀ နဲ့အထက် ရှိနေပြီ ဖြစ်တဲ့ နိုင်လွန် အအေးဆိုင်က ဖာလူဒါ၊ ရေခဲမုန့်၊ ပူတင်းကတော့ ၁၉၈၀ ပြည့်လွန်နှစ်များ အတိုင်း အရသာကို ထိန်းထားဆဲပါ။ ဒိုမီနို၊ နတ်သုဒ္ဒါလို ခေတ်မီရေခဲမုန့်တွေ ထပ်တိုးထားပေမယ့် သူ့ရဲ့အရသာဟာ ဒီကနေ့ ခေတ်မီရေခဲမုန့်တွေထက် အပြတ်အသတ် သာနေပါသေးတယ်။ 

စားရင်းသောက်ရင်းနဲ့ ညဘက်ကို ရောက်လာလို့ ညစာဘာစားကြမလဲ ဆိုတော့ မန္တလေး ရောက်ပီးမှ တရုတ်စာ မစားရရင်တော့ ဘယ်ခေတ်မီပါ့မလဲ။ တရုတ်စာ နာမည်ကြီးဆိုင်တွေ ရှိပေမယ့် တကယ့် ယူနန်တရုတ်စာ စစ်စစ်တွေကိုမှ စားချင်ရင်တော့ ၇၅ လမ်းနဲ့ ၃၄၊ ၃၃၊ ၃၂ လမ်း တစ်လျှောက်၊ ဒိုင်းမွန်းပလာဇာနောက်က လမ်းလေးထဲက ယူနန်တရုတ်ဆိုင်လေးတွေကို ညွှန်းရမှာပါ။ ညဈေးလေးလို ဖြစ်နေတဲ့ ဒီဆိုင်တန်းတွေမှာ မာလာဟင်းမျိုးစုံအပြင် ရှမ်းပြည်မြောက်ပိုင်းနဲ့ ယူနန် တရုတ်စတိုင် ဟင်းလျာတွေကို မူရင်းအတိုင်း ရနိုင်လို့ မဖြစ်မနေ သွားစားကြဖို့ ညွှန်းချင်ပါတယ်။ 

ဒါမဟုတ် ဒံပေါက်၊ ကီးမားပလာတာ၊ ပဲထမင်း၊ အုန်းထမင်း၊ ဆိတ်ကြော်၊ ဆိတ်နှပ်၊ အမဲကြော်၊ အမဲနှပ်၊ ပလာတာ၊ ဆိတ်စွပ်နံပြားမှ စားချင်ရင်တော့ ၃၅ လမ်း နဲ့ ၇၅ လမ်းထောင့်မှာ ကီးမားတင်ဝင်း၊ ၃၅ လမ်းနဲ့ ၇၄ လမ်းထောင့်မှာ ကရဝိတ် ရှိပါတယ်။

စားရတာတွေလည်းများ၊ အီလည်းအီသွားပြီ ဆိုရင်တော့လည်း မန္တလေးမှာ နှစ်ပေါင်း ၄၀ အထက် ရှိပြီဖြစ်တဲ့ A အဇစ်ဆိုတဲ့ ဒိန်ချဉ်ဆိုင်လေး ရှိပါတယ်။ ည ၇ နာရီလောက်ဆိုရင် ၂၆ ဘီလမ်းနဲ့ ၈၃ လမ်းထောင့်က ပလက်ဖောင်းမှာ ဆိုင်ခင်းပါတယ်။ ဒိန်ချဉ်သာမက ကူလ်ဖီးမလိုင်၊ ဒူးမလိုင်နဲ့ ဖာလူဒါတွေပါ ရတတ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ၁၄ လမ်းနဲ့ ၁၅ လမ်းကြား၊ ၈၂ လမ်းပေါ်က ရွှေအိုးဒိန်ချဉ်ကို သွားပါ။ အင်မတန်ထူးခြားပြီး သန့်ရှင်းလတ်ဆတ်တဲ့ ဒိန်ချဉ်သက်သက်သာမက ရာသီပေါ်သီးနှံတွေနဲ့ ရောကြိတ်ထားတဲ့ နာနတ်ဒိန်ချဉ်၊ သရက်ဒိန်ချဉ်တွေပါ ရတတ်ပါတယ်။

ဒါမှမဟုတ်ရင်လည်း ၂၆ ဘီလမ်းနဲ့ ၇၉ လမ်းထောင့်က နွားနို့ဟင်း မလိုင်ဆိုတဲ့ လှည်းကလေးနဲ့ ရောင်းတဲ့ နွားနို့ဟင်းလေး မြည်းစမ်းနိုင်ပါသေးတယ်။ စာကြွင်းအနေနဲ့ ပြောချင်တာကတော့ မန္တလေးက ပြန်တဲ့အခါ အရီးတောင်းလက်ဖက်၊ ဗေဒါရွှေကြာလက်ဖက်နဲ့ ရွှေတုတ်လက်ဖက်၊ မြင့်မြင့်ခင်၊ မော်မော်စန်း၊ တင်တင်အေးထိုးမုန့်တွေ မမေ့မလျော့ ဝယ်သွားကြဖို့ပါ။

မန္တလေးက ဒေသခံ နာမည်ကြီး စားသောက်ဆိုင်တွေရဲ့ သက်တမ်းဟာ အောက်ထစ် နှစ်ပေါင်း ၃၀ ကျော်ပါပြီ။ တစ်ခုထူးခြားတာက မန္တလေးမှာ ဘာစားစား ရန်ကုန်ထက် အများကြီး သက်သာတာပါပဲ။ သုံးစွဲတဲ့ ပစ္စည်းတွေကလည်း အလွန်သန့်ပါတယ်။ ဆီနဲ့ပတ်သက်လို့ စားအုန်းဆီ အညံ့စားတွေ၊ ဆိုးဆေးလက်ဖက်ခြောက်တွေ၊ ဆေးသကြားတွေ ကြောက်စရာ မလိုလောက်အောင် သန့်ပါတယ်။

ဒီလိုစားသုံးသူ ကြိတ်ကြိတ်တိုးနေပေမယ့်လည်း အမြတ်အစွန်းတော့ နည်းကြရှာပါတယ်။ မန္တလေးရဲ့ မြို့ခံစားသောက်ဆိုင် လုပ်ငန်းတွေဟာ မိဘလက်ငုတ် လက်ရင်းစီးပွားကို ထိန်းသိမ်းရင်း ဖောက်သည်တွေနဲ့ သားစဉ်မြေးဆက် ဆက်ဆံရင်း စီးပွားရှာနေကြတာပါ။ ဒါပေမဲ့လည်း တစ်နှစ်ထက်တစ်နှစ် ရောင်းကောင်းရင် အခွန်တိုးကောက်ဆိုတဲ့ မူဝါဒအောက်မှာ အမြတ်အစွန်း သက်သက်ကို ရည်ရွယ်ခြင်း မရှိတဲ့ မန္တလေးရဲ့ ဒေသခံ စားသောက်ဆိုင်တွေဟာ ရေရှည်မှာ မိဘဘိုးဘွားတွေရဲ့ လက်ငုပ်လက်ရင်း ဆိုင်တွေမပြုတ်အောင် မနည်းတောင့်ခံနေကြရတဲ့ အခြေအနေ ရှိနေပါတယ်။

အမှန်ကတော့ မန္တလေးရဲ့ အထင်ကရ နှစ်ပေါင်းများစွာ တည်ရှိလာတဲ့ နာမည်ကြီး စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေဟာ မိဘလက်ငုတ်လက်ရင်း စီးပွားလည်းမပျက်၊ မိတ်ဆွေတွေနဲ့ နေ့စဉ် ထိတွေ့မှုလည်းမပျက်၊ လုပ်ငန်းလည်ပတ်ရုံ အမြတ်အစွန်းလေးတွေနဲ့ ဖောက်သည်တွေကို  ဈေးရောင်းရင်း ကုသိုလ်ယူကြရတာပါ။ တိုးတက်လာတဲ့ မြို့ပြနဲ့ စားသောက်ဆိုင်ကြီးတွေရဲ့ ရေရှည်ယှဉ်ပြိုင်မှု၊ ဒီဆိုင်ကြီးတွေလိုပဲ အခွန်တိုးကောက်ဆိုတဲ့ မူဝါဒတွေကြားမှာ ရေရှည်ရပ်တည်နိုင်ဖို့ အသည်းအသန် ကြိုးပမ်းနေကြရပါတယ်။

အချို့အချို့သော နာမည်ကြီး စားသောက်ဆိုင်များဟာ ပိတ်သိမ်းသွားကြပါပြီ။ ခေတ်မီစားသောက်ဆိုင်ဆိုတာ အချိန်မရွေးဖွင့်လို့ ရပေမယ့် ဒီမြို့နဲ့ ဒီဆိုင်လို့ တွဲမြင်ရလောက်အောင် နှစ်ပေါင်းကြာရှည် ရှိခဲ့တဲ့ စားသောက်ဆိုင်တွေ တစ်စုတစ်စည်းတည်း အများဆုံး တွေ့ရတာက မန္တလေးမှာပဲ ဖြစ်မယ်ထင်ပါတယ်။

အခြားသော စားသောက်ဆိုင်တွေလည်း ကျန်သေးပေမယ့် စာရှည်မှာစိုးတာ တစ်ကြောင်း၊ ဒီလောက်ဆိုရင် မန္တလေးမှာ စားစရာတွေ မြည်းစမ်းဖို့ လုံလောက်ပြီလို့ ယူဆလို့ရတာ တစ်ကြောင်းကြောင့် ဒီမှာတင်ပဲ ရပ်ရပါရစေ။ နောင်အလျဉ်းသင့်ရင်တော့ ကျန်ခဲ့တဲ့ဆိုင်တွေ သာမက ဘယ်လိုနေရာတွေကို ဘယ်လိုလည်ရတယ် ဆိုတာလေးတွေပါ ရေးပါဦးမယ်။ ဥပမာ - အောင်ပင်လယ်ကန်ဘက်ကို မနက်အစောကြီးသွားရင် မြို့ထဲကို အလုပ်လုပ်ဖို့ လာကြတဲ့ အခြေခံလူတန်းစားတွေရဲ့ စက်ဘီးတန်းကြီးတွေဟာ ဓာတ်ပုံသမားတွေအကြိုက် ဖြစ်နိုင်တာ၊ ဆက်သွားရင် နေထန်းတစ်ဖျား ကျော်တာနဲ့ အောင်ပင်လယ်တစ်ဝိုက်က ထန်းတောထဲမှာ ထန်းရည်နဲ့ အမြည်းစုံ ရနိုင်တာ၊ မန္တလေးတက္ကသိုလ် တစ်ဝိုက်က လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေနဲ့ လူငယ်တွေရဲ့ နေ့စဉ်အကြောင်းတွေ လေ့လာနိုင်တာတွေ ရေးပါဦးမယ်။ 

ချစ်ဦးကိုကို

  • TAGS