News

POST TYPE

EAT

ဒူးရင်းသီးနဲ့ အာဟာရ
22-May-2019

ယခုရာသီဟာ ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သည့် ဒူးရင်းသီးပေါ်ချိန်ဖြစ်တာကြောင့် ဒူးရင်းသီးမှာပါဝင်တဲ့ အာဟာရဓာတ်များ၊ ဒူးရင်းသီးနဲ့ ဆောင်ရန်/ရှောင်ရန်တွေကို သိရှိနိုင်ဖို့အချက်တွေကို ဖော်ပြလိုက်ပါတယ်။

ဒူးရင်းသီးမှာပါဝင်တဲ့ အာဟာရများ - အမျှင်ဓာတ်၊ ဗီတာမင်(A)၊ ဗီတာမင်(B6)၊ ဗီတာမင် (B12)၊ ဗီတာမင် (C)၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့လစ်အက်စစ်၊ ဖော့စဖောရပ် စတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။

ဒူးရင်းသီးမှာပါဝင်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေနဲ့ သတိပြုရန်အချက်များ

- ပိုတက်ဆီယမ် ပါဝင်မှုများတဲ့အတွက် ကျောက်ကပ်ဝေဒနာရှင်တွေအနေနဲ့ သတိထားစားပေးဖို့ လိုအပ်ပါတယ်။

- သကြားဓာတ်ပါဝင်မှု (Glycemic Index) မြင့်တဲ့အတွက် ဆီးချိုရောဂါ ရှိတဲ့သူတွေအနေနဲ့လည်း သတိထားစားပေးဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်ရင်တော့ သက်ဆိုင်ရာဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ စားသုံးသင့်ပါတယ်။ သကြားဓာတ်ပါဝင်မှု များတဲ့အတွက် မစားသင့်တဲ့အသီးထဲမှာ ပါပါတယ်။

ဒူးရင်းသီးနဲ့ ကောင်းမွန်တဲ့ အချက်များ 

- ဒူးရင်းသီးက အမျှင်ဓာတ်များတဲ့အတွက် ဝမ်းပုံမှန်သွားစေပါတယ်။

- ကယ်လ်ဆီယမ်ဆိုတဲ့ ထုံးဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်တာကြောင့် အရိုးကျန်းမာရေးအတွက် ကောင်းစေပါတယ်။

- သံဓာတ်နဲ့ ဖောလစ်အက်စစ်ပါတာကြောင့် သွေးအားနည်းရောဂါကိုလည်း ကာကွယ်ပေးပါတယ်။

- အခြားဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တာကြောင့် ကင်ဆာဓာတ်တိုးဆန့်ကျင်သတ္တိရှိပြီးတော့ ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်ပါသေးတယ်။

- ဒီ့အပြင် အိပ်မပျော်တဲ့ရောဂါကိုလည်း သက်သာစေပါတယ်။

ဒူးရင်းသီးနှင့် သွေးတိုးရောဂါ

တကယ်တော့ ဒူးရင်းသီးစားရင် သွေးမတိုးပါဘူး။ သူက ပိုတက်ဆီယမ်များတဲ့အတွက်ကြောင့် သွေးပေါင်ချိန်တောင် ကျစေပါတယ်။ ဒါပေမဲ့ သွေးကျတယ်ဆိုပြီးတော့ အများကြီးတော့ စားလို့မရပါဘူး။ (ဒူးရင်းသီး ၅၀၀ ဂရမ်ခန့် စားမိပါက ပိုတက်ဆီယမ်ဓာတ်တွေ များသွားပြီး နှလုံးခုန်နှုန်းတွေ အရမ်းမြန်လာတတ်ပါတယ်။ ဒါကြောင့် နှလုံးရောဂါရှိတဲ့သူတွေအနေနဲ့ ၃/၄ မြွှာထက် ပိုမစားသင့်ပါဘူး)

တချို့က ဒူးရင်းသီးစားပြီးတဲ့အခါမှာ အိပ်ငိုက်လာတာ၊ ခေါင်းမူးလာတာတွေ ဖြစ်တတ်ကြပါတယ်။ ဒါကတော့ ဒူးရင်းသီးက အဆီဓာတ်အရမ်းများလို့ပါပဲ။ စားပြီးတာနဲ့ အဆီဓာတ်တွေ ခန္ဓာကိုယ်ထဲ ရောက်လာပြီး အိပ်ငိုက်စေပါတယ်။

ဒူးရင်းသီးနဲ့ တွဲမစားသင့်တာတွေ

- ကော်ဖီနဲ့ တွဲမစားသင့်ပါဘူး။ ကော်ဖီမှာပါတဲ့ ကဖင်း (Caffeine) ဓာတ်က ရင်တုန်စေသလို ဒူးရင်းသီးမှာပါတဲ့ ပိုတက်ဆီယမ်ကလည်း ရင်တုန်စေတဲ့အတွက် တွဲဖက်ပြီး မစားသင့်ပါဘူး။ ဒီအပြင် Caffeine ဓာတ်ပါတဲ့ လက်ဖက်ရည်၊ ကိုလာ စတာတွေနဲ့လည်း တွဲဖက်စားသောက်ရင် ရင်တုန်စေပါတယ်။

- အရက်၊ ဘီယာတွေနဲ့လည်း တွဲဖက် မစားသင့်ပါဘူး။ ဒူးရင်းသီးမှာပါဝင်တဲ့ Sulphur နဲ့အရက်ဓာတ်ပြုပြီး ဒုက္ခပေးနိုင်ပါတယ်။

Source : Dr.Nyi Nyi Kyaw(Nutritionist)