News

POST TYPE

EAT

နာဂဒေသတွင် ရာသီတုပ်ကွေးကြောင့် သေဆုံးသူ အရေအတွက်တိုး
03-Sep-2018
ကလေး၊ စက်တင်ဘာ ၃

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒုံဟီးမြို့နယ်၊ လန်းပန်းကျေးရွာတွင် ရွာလုံးကျွတ်နီးပါး အဖျားရောဂါဖြစ်ပွားနေပြီး စက်တင်ဘာလ ၂ ရက်နေ့က ကလေးငယ်တစ်ဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူလေးဦးအထိရှိလာကြောင်း နန်းယွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က ပြောကြားသည်။

ယင်းသို့ ရွာလုံးကျွတ်ဖျားနာနေပြီး ကလေးငယ်များ သေဆုံးနေမှုနှင့် ပတ်သက်၍ ကျေးရွာတွင် ကျန်းမာရေးဆိုင်ရာ ကူညီထောက်ပံ့မှုများ လုပ်ဆောင်ပေးနိုင်ရန် နန်းယွန်းမြို့နယ်မှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးကာ ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါကျေးရွာရှိ ကလေးငယ်များနှင့် လူကြီးများတွင် ဩဂုတ်လ ပထမပတ်မှစ၍ ရာသီအကူးအပြောင်းကာလ၌ ဖြစ်ပွားတတ်သည့် နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း၊ ကိုယ်ပူခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောခြင်း စသည့်ရောဂါများမှာ စက်တင်ဘာလ ၂ ရက်နေ့အထိ ဖြစ်ပွားလျက်ရှိကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်နေ့ တွင် မောင်ယန်းသော့ ၁၀ နှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့တွင် မနော်နဲ ၂ နှစ် ၄ လ၊ ဩဂုတ်လ ၂၈ ရက်နေ့တို့တွင် မတောနော အသက် တစ်လအရွယ်နှင့် စက်တင်ဘာလ ၂ ရက်နေ့က မမြန်းယော အသက်တစ်နှစ်ခွဲ ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး လက်ရှိ စက်တင်ဘာလ ၃ ရက်နေ့အထိ သေဆုံးသည့်ကလေးငယ်မှာ လေးဦးရှိပြီဖြစ်သည်။

“ကျန်းမာရေးအခြေအနေ ဆိုးဝါးနေလို့ ညတွင်းကြီး လဟယ်မြို့နယ် ပြည်သူ့ဆေးရုံကြီးကို အရောက်ပို့ပေးခဲ့တယ်။ ဒါပေမဲ့ လူနာရဲ့ ကျန်းမာရေး အခြေအနေ ပြန်မကောင်းနိုင်တော့သည့်အတွက် ရွာကို ပြန်သယ်ခိုင်းရာ လန်းပန်းရွာ မရောက်သေးချိန်မှာဘဲ လမ်းခရီးမှာပဲ သေဆုံးခဲ့တာ”ဟု ဒေသခံ ဦးလော်တူးက ပြောဆိုသည်။

ယခုအခါ အဆိုပါကျေးရွာတွင် ဩဂုတ်လ ၂၉ ရက်နေ့မှစ၍ ENDO အဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများနှင့် တပ်မတော်မှ ဆရာဝန်များရောက်ရှိကာ ဒေသခံများကို ဆေးဝါးကုသမှုပေးလျက်ရှိသည်။

နာဂဒေသနန်းယွန်းမြို့နယ်အတွင်းရှိ ဝမ်ရုတ်၊ ရှိတ်ညိုနှင့် လန်းပန်းစသည့်ကျေးရွာတို့ရှိ ကလေးငယ်များနှင့် လူကြီးများတွင် အဆိုပါအဖျားရောဂါ ဖြစ်ပွားနေခြင်းဖြစ်ပြီး ဝမ်ရုတ်နှင့် ရှိတ်ညိုကျေးရွာတွင်မူ ရောဂါကိုထိန်းချုပ်နိုင်ပြီဖြစ်၍ စိုးရိမ်ဖွယ်မရှိကြောင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်းကလည်း နာဂဒေသ၊ လဟယ်မြို့နယ်၊ လောနောကုန်းကျေးရွာဒေသတွင် ချောင်းဆိုးရောဂါဖြစ်ပွားပြီး ကလေးငယ်များ အပါအဝင် လူ ၁၀ ဦးကျော်သေဆုံးခဲ့သည်။ ၂၀၁၆ ခုနှစ်ကလည်း နန်းယွန်းမြို့နယ် ကဲဆန်ကားလန်၊ ကဲဆန်ဆာလင်၊ ကဲဆန်လောင်ကျန်၊ ရှိတ်ညိုနှင့် ကဲဆန် ဘောက်လွန်ရွာများတွင်လည်း ဖျားနာပြီး ချောင်းဆိုးသည့် ဝေဒနာကြောင့် လူ ၈၀ ကျော် သေဆုံးခဲ့သည်။

R-20