News

POST TYPE

EAT

မြို့ပြနဲ့ စားသောက်မှုစတိုင်လ်
18-Aug-2017
‘ဂျီ ဂျီ ဂျီ ဂျစ်’ ငွေစာရင်းဘောက်ချာတစ်ရွက် ထွက်လာပြီးနောက် ကော်ဖီဆိုင်က ဝိတ်တာလေးကို ပိုက်ဆံနှစ်ထောင့်ငါးရာ ပေးလိုက်သူက ဒေါ်မေဖြူသွယ်ပါ။ သူမဟာ Seasons ဆိုင်ကို မကြာခဏ လာထိုင်လေ့ရှိပြီး ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်ထက်စာရင် ဒီဆိုင်မှာက ပိုပြီးသက်သောင့်သက်သာဖြစ်လို့ လာလေ့ရှိတာပါ။

ရိုးရိုးကော်ဖီဆိုင်တွေမှာ အသင့်ဖျော်ကော်ဖီထုပ်တွေကို ဈေးသက်သက်သာသာနဲ့ သောက်သုံးနိုင်ပေမယ့် ဒီဆိုင်ကတော့ သူမကြိုက်တဲ့ ကော်ဖီအရသာနဲ့ အဲကွန်းခန်းထဲမှာ အေးအေးဆေးဆေး တစ်ယောက်တည်း ထိုင်လို့ရတဲ့အတွက် အမြဲတမ်း လာဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီလိုဆိုင်တွေပေါ်လာတာ အရမ်းကောင်းတယ်။ အရင်ကဆို လက်ဖက်ရည်ဆိုင်မှာ မိန်းကလေး တစ်ယောက်တည်း ထိုင်နေရင် အကြည့်ပေါင်းမျိုးစုံနဲ့ အကြည့်ခံရတာပေါ့လေ။ ရပ်ကွက်တွေထဲက ဆိုင်တွေမှာကျတော့ ရပ်ကွက်ထဲက လူပေါင်းစုံလာတဲ့ နေရာလေ။ စရိုက်ဆန်ချင်တာမျိုးတွေ ရှိတယ်။ ဒီလိုဆိုင်တွေကျတော့ သီးသီးသန့်သန့် လူတန်းစားတစ်ရပ်အတွက် ဖြစ်သွားတယ်။ သန့်ရှင်းမှုကလည်း ရပ်ကွက်ထဲက ဆိုင်တွေထက် သာတယ်” လို့ အသက် ၃၁ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ကုမ္ပဏီဝန်ထမ်း ဒေါ်မေဖြူသွယ်က ပြောပါတယ်။

အလုပ်တစ်ဖက်ကြောင့် အစားအသောက်ကို ကိုယ်တိုင်မချက်ပြုတ်နိုင်ဘဲ အပြင်စာတွေပဲ စားသောက်နေကြတဲ့ သူတွေဟာ အရင်လို ကြုံရာဆိုင်တွေမှာ မစားသောက်တော့ဘဲနဲ့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်တဲ့ စားသောက်ဆိုင်တွေကို ရွေးချယ်လာကြတယ်လို့ မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဒေါက်တာနေဇော်အောင်က ပြောပါတယ်။

“အရင်တုန်းကဆိုရင် ကော်ဖီတစ်ခွက်ကို ၂၅၀၀၊ ၃၀၀၀ ရောင်းဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့အရာပါ။ ကော်ဖီတစ်ခွက်ကို ၅၀၊ ၁၀၀ နဲ့ ပေးသောက်ကြတယ်။ အခုကျတော့ လူတွေက ကျန်းမာရေးအမြင် ရှိလာတော့ ဈေးသက်သာတာထက် သန့်ရှင်းသပ်ရပ်တဲ့ ဆိုင်တွေမှာ ရွေးပြီးစားလာကြတယ်” လို့ သူက ဆိုပါတယ်။

၂၀၁၃ ခုနှစ်က စတင်ပြီး နိုင်ငံတကာမှာ နာမည်ရှိတဲ့ စားသောက်ဆိုင်တွေက ပြည်တွင်းဈေးကွက်ကို အများအပြား ဝင်ရောက်လာတဲ့အပြင် အဲဒီဆိုင်တွေက ဝန်ဆောင်မှုအပိုင်းနှင့် သန့်ရှင်းလတ်ဆတ်မှုကို ဂရုတစိုက်လုပ်ဆောင်တဲ့အတွက် စားသုံးသူတွေ အားပေးမှုကိုရပြီး ဈေးကွက်ထဲမှာ နေရာရလာတယ်။ ပြည်တွင်းစားသောက်ဆိုင်တွေကလည်း နိုင်ငံခြားဆိုင်တွေနီးပါး တန်းတူဖြစ်အောင် ဝန်ဆောင်မှုနဲ့ သန့်ရှင်းမှုအပိုင်းကို ပိုကောင်းအောင် ပြင်ဆင်သင့်တယ်လို့ သူက ထောက်ပြပြောဆိုပါတယ်။

စီးပွားရေး တိုးတက်လာတာနဲ့အမျှ လူတွေရဲ့ နေထိုင်စားသောက်မှုပုံစံဟာ ပြောင်းလဲလာခဲ့ပါတယ်။ အရင်က ယောက်ျားက အလုပ်လုပ်ပြီး မိန်းမက မီးဖိုချောင်ကို စီမံရတဲ့အတွက် စားသောက်ဆိုင်တွေမှာ အမြဲတမ်းလာစားတယ် ဆိုတာ မရှိသလောက်ပါပဲ။ အခုခေတ်မှာ ယောက်ျားရော၊ မိန်းမပါ အလုပ်ထွက် လုပ်ရတဲ့အတွက် အစားအသောက်ဘက်ကို အချိန်မပေးနိုင်ဘဲ စားသောက်ဆိုင်တွေမှာ ဝယ်စားတဲ့နေ့တွေက ပိုများလာပါတယ်။

အခုခေတ် အခြေခံစားသောက်ကုန်အချို့မှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် ဆိုင်တွေကို ရွေးချယ်စားသုံးလာရကြပေမယ့်လည်း အခြေခံလူတန်းစားတွေမှာတော့ တန်ဖိုးနည်း အစားအသောက်ရောင်းတဲ့ လမ်းဘေးဆိုင်လေးတွေကို မှီခိုနေရဦးမှာပါလို့ ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ ဦးရဲမင်းထွန်းက ပြောပါတယ်။

“အပြင်ဆိုင်တွေမှာဆိုရင် သူတို့သုံးတဲ့ပစ္စည်းတွေ ငါးပိတို့၊ ငရုတ်သီးတို့မှာ ဆိုးဆေးပြဿနာတွေ ရှိနိုင်တယ်။ အဲဒီတော့ ဝင်ငွေရှိတဲ့ လူတန်းစားက ဆိုင်တွေကို ရွေးစားတယ်။ အစာလည်းဆေး ဆေးလည်းအစာ ဖြစ်အောင် ဆိုင်တွေကို ရွေးပြီးစားဖြစ်တယ်” လို့ သူက ဆိုပါတယ်။

ရန်ကုန်မှာ လူငယ်ပိုင်းနဲ့ လူလတ်ပိုင်းတွေက လုပ်ငန်းခွင်အတွင်းမှာ ရောက်နေကြတဲ့အတွက် အစားအသောက်တွေ တကူးတက ချက်ပြုတ်မှု မလုပ်ဘဲ စားသောက်ဆိုင်တွေမှာ ဝယ်စားကြသလို လပေးချိုင့်ဆွဲ ထမင်းဆိုင်တွေမှာလည်း ဝယ်ယူစားသောက်ကြတယ်လို့ မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်းထံကနေ သိရပါတယ်။

ပြည်တွင်း အစားအသောက်ဈေးကွက်ကို နိုင်ငံတကာ အစားအသောက်တွေ ထိုးဖောက်ပေမယ့်လည်း မြန်မာထမင်းဟင်းကို ဝယ်ယူစားသုံးမှုက ရာခိုင်နှုန်း ပိုများပြီး ထိုင်းအစားအစာနဲ့ တရုတ်အစားအစာတွေကို စားတာဟာ ဒုတိယရာခိုင်နှုန်း အများဆုံးဖြစ်တယ်လို့ အသင်းရဲ့ စာရင်းတွေအရ သိရပါတယ်။

“စားသောက်မှုပုံစံ ပြောင်းလဲလာတဲ့လူတွေက အသက် ၂၀ ကနေ အသက် ၄၀ တန်းတွေ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝင်ငွေအသင့်အတင့် ရှာနိုင်တဲ့သူတွေ ဖြစ်နေလို့ပါပဲ။ အခုဆို စားသောက်ဆိုင်တွေက ပိုများတယ်။ ရွေးချယ်စရာ များလာတော့ အပြင်စာတွေ စားဖြစ်လာတယ်။ ဒါက စီးပွားရေး ဖွံ့ဖြိုးတဲ့ နိုင်ငံတိုင်း ကြုံရတဲ့ကိစ္စပါပဲ” လို့ ဒေါက်တာနေဇော်အောင်က ပြောပါတယ်။

အရင်ကတော့ စားသောက်ဆိုင်တွေမှာ အပြင်အဆင်ကောင်းပြီး ဧည့်ကြိုတွေထားတဲ့ ဆိုင်တွေဆိုရင် ဈေးကြီးမယ်ဆိုတဲ့ အထင်နဲ့ လူငယ်တွေက ဆိုင်ထဲ ထိုင်ဖို့ မဝံ့မရဲ ဖြစ်ခဲ့ကြပါတယ်။ အခုခေတ်မှာတော့ Facebook ဆိုတဲ့ ဆိုရှယ်မီဒီယာကို တွင်တွင်ကျယ်ကျယ် သုံးလာတဲ့အတွက် စားသောက်ဆိုင်တွေရဲ့ အပြင်အဆင်နဲ့ ဈေးနှုန်းတွေကိုပါ သိလာရတာကြောင့် စားသောက်ဆိုင်တွေမှာ ပိုပြီးစားဖြစ်အောင် ဆွဲဆောင်လာနိုင်တယ်လို့ အနောက်ပိုင်း နည်းပညာတက္ကသိုလ် ကျောင်းသူတစ်ဦးဖြစ်သူ မသီသီအောင်က ပြောပါတယ်။

“တစ်ခုခုဆို Facebook မှာ ရှာလို့လွယ်တယ်။ ဈေးနှုန်းတွေပါ သိရတဲ့ အခါကျတော့ ပိုက်ဆံကိုချိန်ပြီး သွားလို့ရတာပေါ့။ ဝန်ဆောင်မှုကောင်းကောင်းပေးတဲ့ ဆိုင်တွေကလည်း တကယ်တော့ အပြင်ဆိုင်တွေထက် ဈေးနည်းနည်းပဲပိုတာ။ ဆိုင်ထဲထိုင်ရတာက တော် တော်လေး သက်သောင့်သက်သာ ဖြစ်တယ်” လို့ သူက ဆိုပါတယ်။

လူငယ်ပိုင်းတွေ အကြိုက်များတဲ့ အစားအသောက်ကတော့ ဟော့ပေါ့နဲ့ BBQ ဖြစ်ပြီး လက်ရှိအချိန်မှာ ဒီလိုဆိုင်တွေက ပြည်တွင်းက ဆိုင်တွေအပြင် ပြည်ပကဆိုင်တွေလည်း ဖွင့်လာတဲ့အတွက် ဈေးသက်သက်သာသာနဲ့ ရွေးချယ်စားလို့ ရနေပါပြီ။

နိုင်ငံတကာဆိုင်တွေ မဝင်လာခင်က ဟော့ပေါ့တစ်ခါစားဖို့ဆိုရင် မြန်မာငွေကျပ် နှစ်သောင်းလောက်ကို သုံးရပါတယ်။ အခုဆို ထိုင်းဆိုင်တွေနဲ့ ပြည်တွင်းဆိုင်တချို့မှာ တစ်အိုး ကျပ် ၅၀၀၀ နဲ့ ရောင်းချနေတဲ့အတွက် ဝင်ငွေရှိသူရော မိဘဆီက မုန့်ဖိုးတောင်းနေရတဲ့ ကျောင်းသားတွေပါ စားနိုင်လာတယ်လို့ ထိုင်းဟော့ပေါ့ဆိုင်မှ တာဝန်ရှိသူတစ်ယောက်က ဆိုပါတယ်။

ပြည်သူတွေက စားသောက်မှုပုံစံ ပြောင်းလဲလာတာနဲ့အမျှ ပြည်ပကဆိုင်တွေနဲ့ တန်းတူလိုက်နိုင်ဖို့အတွက် ဂျပန်နိုင်ငံက အကူအညီနဲ့ ပြည်တွင်းစားသောက်ဆိုင်တွေကို သင်တန်းတွေပေးပြီး နိုင်ငံတကာမှာ လုပ်နေတဲ့ ပုံစံအတိုင်း Franchise စနစ် (Brand နာမည်ကိုယူပြီး ပြည်တွင်းလုပ်ငန်းရှင်တွေက လုပ်ငန်းဆောင်ရွက်ခြင်း) နဲ့ ဆောင်ရွက်နေပါတယ်။

မြန်မာအစားအသောက်ဈေးကွက်ဟာ ကြီးမားလာတဲ့အတွက် ထိုင်း၊ ဂျပန်၊ စင်ကာပူ၊ ကိုရီးယား၊ ဥရောပ စားသောက်ဆိုင်တွေကပါ ထိုးဖောက်ဝင်ရောက်လာပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်လာတာနဲ့အမျှ စားသောက်ဆိုင်တွေပါ များစွာ ထပ်မံဝင်ရောက်လာနိုင်တဲ့အတွက် ပြည်တွင်းလုပ်ငန်းရှင်တွေ ဈေးကွက်မပျောက်အောင်၊ ဝန်ဆောင်မှုကောင်းအောင် ပြင်ဆင်သင့်တယ်လို့ စားသောက်ဆိုင်ပိုင်ရှင်တွေက ပြောကြပါတယ်။

လက်ရှိပြည်တွင်းစားသောက်ဆိုင်တွေရဲ့ အနေအထားဟာ ဆိုင်ခန်းငှားရမ်းခ များပြားမှုနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေကြောင့် အမြတ်အစွန်း အနည်းငယ် ကျန်ရှိအောင် အခက်အခဲမျိုးစုံနဲ့ ဆောင်ရွက်နေရသလို စားသုံးသူများက ဖေ့ဘွတ်ခ်ပေါ် Review ပြန်ရေးတဲ့အခါ နာမည်ကောင်းရပြီး အောင်မြင်မှု ရရှိသွားတဲ့ဆိုင်တွေ ရှိပြီး နာမည်ပျက်သွားတဲ့ ဆိုင်တွေလည်း ရှိတဲ့အတွက်ကြောင့် သန့်ရှင်းမှုအပိုင်းကို အာရုံစိုက်သင့်ကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါက်တာနေဇော်အောင်က ဆိုပါတယ်။

မေလှိုင်းသူ၊ အောင်သီဟ