News

POST TYPE

CRIME & ACCIDENT

ရွှေကျင် မဓမချောင်းတွင် စက်လှေတစ်စင်း တိမ်းမှောက်
15-Jun-2017

တောင်ငူ၊ ဇွန် ၁၅

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် အထက်ဝင်းခနိမ်ကျေးရွာ မဓမချောင်းအတွင်း၌ ဇွန်လ ၁၄ ရက်နေ့ ည ၈ နာရီခွဲခန့်က စက်လှေတစ်စင်းသည် ရွှေဖောင်ကို ချိတ်ဆွဲသွယ်တန်းထားသည့် သံကြိုးနှင့်ချိတ်မိ၍ တိမ်းမှောက်ရာမှ အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေကြောင်း ရွှေကျင်မြို့ ဝင်းခနိမ်ကျေးရွာ ဒေသခံ ဦးဝင်းဦးက ပြောကြားသည်။

“စက်လှေက ကျောက်ကြိုးဖက်က ဆင်းလာတာပါ။ အခင်းဖြစ်တဲ့ နေရာနားမှာ တရုတ်တွေ လုပ်ကိုင်နေတဲ့ ရွှေတူးဖော်တဲ့ ဖောင်ကြီးကို ကမ်းပါးနဲ့ ဆက်သွယ်ထားတဲ့ သံကြိုးကို ဝင်တိုက်မိခဲ့တာပါ။ ညခင်းကြီးဆိုတော့ သံကြိုးကိုမတွေ့ဘဲ ဝင်တိုက်ပြီး ရွှေဖောင်အောက်ကို စက်လှေရောက်သွားတာပါ။ အမျိုးသမီးကို ဒီကနေ့မနက်က ပြန်ရှာတွေ့ပြီလို့ သတင်းကြားပေမယ့် တိတိကျကျ မသိရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။

ယင်းစက်လှေပေါ်တွင် စက်လှေသမား အပါအဝင် အမျိုးသား၊ အမျိုးသမီး ၁၀ ဦး လိုက်ပါလာပြီး အသက်၂၀ အရွယ် အမျိုးသမီးတစ်ဦး ရေနစ်ပျောက်ဆုံးနေပြီး ကျန်ရှိသည့်သူများမှာ ရေကူးလွတ်မြောက်ခဲ့ကြကြောင်း ရွှေကျင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

R-15