POST TYPE

CRIME & ACCIDENT

လိမ္မော်သီး ခိုးစားသည်ဟု စွပ်စွဲကာ ရေနွေးပူဖြင့် လောင်းသူကို ထောင် ၇ နှစ်ချ
19-May-2017 tagged as အမှု

မော်လမြိုင်၊ မေ ၁၈

မော်လမြိုင်တက္ကသိုလ် ဆယ်မြို့နယ်အဆောင်တွင် လွန်ခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ အတွင်းက အလုပ်လုပ်သည့် အသက် ၁၄ နှစ်အရွယ် ထမင်းချက်အကူ မိန်းကလေးငယ်ကို လိမ္မော်သီး ခိုးစားသည်ဟုဆိုကာ အလုပ်ရှင် ဒေါ်အေးအေးစိုးက ခန္ဓာကိုယ်အနှံ့ ရေနွေးပူဖြင့် လောင်းချခဲ့သည့်အမှုနှင့် ပတ်သက်၍ ပြစ်မှုထင်ရှားသဖြင့် မေလ ၁၈ ရက်တွင် မော်လမြိုင်မြို့နယ် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၇ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ မုပွန် ရဲစခန်းနယ်မြေတွင် (ပ) ၅၆၆/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၂၆ (အပြင်းအထန် နာကျင်စေမှု) နှင့် ၃၂၃ (နာကျင်စေမှု) တို့ဖြစ် အမှုဖွင့် အရေးယူထားခဲ့ခြင်း ဖြစ်သည်။

“အခုက ပြစ်မှုထင်ရှားလို့ ဒီပြစ်ဒဏ်ကို ချမှတ်လိုက်တာပါ၊ ပုဒ်မ ၃၂၆ အပြင်းအထန် နာကျင်စေမှုအရ ၇ နှစ်၊ ၃၂၃ အရ ထောင်ဒဏ် ၁ နှစ် ကျခံစေရမယ်။ ပြစ်ဒဏ်နှစ်ရပ်ကို တပေါင်းတည် ကျခံစေပြီး ချုပ်ရက်ကို ထောင်ဒဏ်ကနေကျခံစေ၊ သူ့ကိုချုပ်ထားတဲ့ရက်ကနေ ဒီနေ့အထိကို ကျွန်တော်တို့ချတဲ့ ၇ နှစ်ထဲကနေ နုတ်သွားမယ်” ဟု မော်လမြိုင်မြို့နယ် တရားရုံးမှ မြို့နယ်တရားသူကြီး ဦးစိုးမင်းက ပြောဆိုသည်။

ရေနွေးပူလောင်းခံရသည့် မိန်းကလေးငယ်၏ ဘယ်ဘက်ပါးအရေပြားသည် အမြဲရုပ်ပျက်ဆင်းပျက် ဖြစ်သွားနိုင်သည်ဟု အရေပြား အထူးကုဆရာဝန်၏ မှတ်ချက်အရ ဒေါ်အေးအေးစိုးကို မြို့နယ်တရားရုံးမှ ယခုကဲ့သို့ အလုပ်နှင့်ထောင်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ မွန်ပြည်နယ်အတွင်း အမျိုးသမီးများနှင့် ကလေးငယ် ပြဿနာများကို ဖြေရှင်းပေးသည့် မေတ္တာဆုံဆည်း အမျိုးသမီး စောင့်ရှောက်ရေးအဖွဲ့မှ ဝိုင်းဝန်းကူညီပေးလျက် ရှိနေသည်။

ယင်းအမှုဖွင့်သည့် အချိန်မှစ၍ အမိန့်ချမှတ်သည့်အထိ အချိန် ၅ လခန့် ကြာမြင့်ခဲ့ပြီး ပြစ်ဒဏ်တိုး ပြင်ဆင်မှုနှင့် ပတ်သက်၍ မေတ္တာဆုံဆည်း အမျိုးသမီးစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူများ နှင့် တရားလိုတို့၏ သဘောဆန္ဒအတိုင်း ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း တရားလိုဘက်မှ တရားလွှတ်တော်ရှေ့နေ ဒေါ်ယဉ်မင်းစန်းက ပြောကြား သည်။
“ကျွန်မတို့အဖွဲ့က ဆရာတွေနဲ့ တိုင်ပင်ပါမယ်။ အမိန့်က သင့်တင့်မျှတတယ်ဆိုရင် ကျွန်မတို့ ပြစ်ဒဏ်တိုး ပြင်ဆင်မှု တက်စရာ မလိုတော့ပါဘူး” ဟု ၎င်းက ဆိုသည်။