POST TYPE

CRIME & ACCIDENT

အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို သားမယားပြုကျင့်သူကို ထောင်ဒဏ် အနှစ် ၂၀ အမိန့်ချ
18-May-2017 tagged as မုဒိမ်း

ရန်ကုန်၊ မေ ၁၇ 

အသက် ၁၄ နှစ်အရွယ် မိန်းကလေးအား သားမယားပြုကျင့်သူ အသက် ၂၀ အမျိုးသားကို မေလ ၁၆ ရက် မွန်းလွဲပိုင်းက အရှေ့ပိုင်းခရိုင်တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ်အနှစ် ၂၀ ကျခံစေရန် အမိန့်ချခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ထရောကျွဲလမ်း ကျေးရွာနေ ကိုအောင်သူသည် ၂၀၁၆ ခုနှစ်၊ မေလ ၁၁ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်းရပ်ကွက်၊ လေဆိပ်လမ်းပေါ်ရှိ တည်းခိုခန်းတစ်ခုတွင် အသက် ၁၄ နှစ်အရွယ် ရည်းစားဖြစ်သူကို ခေါ်ဆောင်ကာ သားမယားအဖြစ် နှစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ကောင်မလေးက ကိုယ်ပိုင်အထက်တန်းကျောင်း တက်နေတာ၊ သူက အိမ်ကိုတော့ ကျောင်းသွားမယ်လို့ ပြောထားခဲ့တယ်၊ ပြီးတော့ ရည်းစားနဲ့ ချိန်းတွေ့ပြီး တည်းခိုခန်း လိုက်သွားတာ၊ နှစ်ဦး ဘယ်လိုပဲ သဘောတူ၊ ကြည်ဖြူလို့ဖြစ်ပါစေ အသက်မပြည့်တဲ့အတွက် မုဒိမ်းမှုမြောက်တာ ပါတယ်၊ ဒါကိုလူငယ်တွေ အနေနဲ့ အသိရှိဖို့ လိုအပ်ပါတယ်” ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အသက် ၁၄ နှစ်အရွယ် ရည်းစားဖြစ်သူအား သားမယားပြုကျင့်ခဲ့သည့် ကိုအောင်သူကို မြောက်ဥက္ကလာပ မြို့မရဲစခန်းမှာ (ပ) ၆၅၁/၂၀၁၆ ဖြင့် အရှေ့ပိုင်းခရိုင် တရားရုံးသို့ တရားစွဲဆိုခဲ့ရာ ဒုတိယခရိုင် တရားသူကြီး (၉) မှ အမှုအမှတ် ၂၀၃/၂၀၁၆ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အလုပ်နှင့် ထောင်ဒဏ် အနှစ် (၂၀)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ  ၃၆၃ အရ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပြီး ယင်းပြစ်ဒဏ်နှစ်ရပ်ကို တစ်ပေါင်းတည်း ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

J 16