POST TYPE

CRIME & ACCIDENT

မိုင်းဖြတ်တွင် ယာဉ်တစ်စီးပေါ်မှ မူးယစ်ဆေးများဖမ်းမိ
ကျိုင်းတုံ၊ မေ ၁၇

မိုင်းဖြတ်မြို့နယ် ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီး နားမွန်းကျေးရွာအနီးတွင် မေလ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်က မော်တော်ယာဉ်တစ်စီးပေါ်မှ ကဖင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း မိုင်းဖြတ်မြို့မ ရဲစခန်းထံမှ သိရသည်။

ဆိုက်ခေါင်ကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးဘေး၌ မော်တော်ယာဉ်တစ်စီးသည် ယာဉ်ရှေ့ဦးခေါင်းပိုင်း ပိန်ချိုင့်ပြီး ရပ်တန့်နေ၍ စစ်ဆေးမည်ပြုစဉ် မောင်းနှင်ထွက်ပြေးခဲ့ကြောင်း၊ ယင်းယာဉ်ကို အခင်းဖြစ်ကျေးရွာအနီးတွင် ထပ်မံ တွေ့ရှိ၍ စစ်ဆေးခဲ့ရာ ယာဉ်နောက်ခန်းအတွင်းမှ ကျပ်သိန်း ၈၀ ခန့်တန်ဖိုးရှိ ကဖင်းမူးယစ်ဆေးဝါး ၁၀၀ ကီလိုဂရမ်ခန့် ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ထွက်ပြေး လွတ်မြောက်နေသည့် ယာဉ်မောင်းကို ဖမ်းဆီးရမိရန် စုံစမ်းစစ်ဆေးနေပြီး မယ(ပ)၂/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၆(ခ)အရ အမှုဖွင့် အရေးယူထားကြောင်း မိုင်းဖြတ်မြို့မ ရဲစခန်းထံမှ သိရသည်။

R-16