POST TYPE

CRIME & ACCIDENT

မြယာကုန်း ပဋိပက္ခမှ ဖမ်းဝရမ်း ထုတ်ထားသူနှစ်ဦး ရဲစခန်းလာ အဖမ်းခံ

ရန်ကုန်၊ မေ ၁၅ 

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ မြယာကုန်း ပဋိပက္ခဖြစ်စဉ်မှ ဖမ်းဝရမ်း ထုတ်ခံထားရသည့် တင်လင်းထိုက်(ခ) လင်းလင်းနှင့် တင်ဌေးအောင် (ခ) အကြီးကောင်တို့နှစ်ဦးမှာ မေလ ၁၅ ရက် မွန်းလွဲပိုင်းက မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းသို့ ကိုယ်တိုင် လာရောက် ဖမ်းဆီးခံခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
 
အဆိုပါ လာရောက် အဖမ်းခံသူ နှစ်ဦးမှာ မေလ ၉ ရက်နေ့က မြယာကုန်းတွင် လူစုလူဝေးနှင့် ရုန်းရင်းဆန်ခတ် ပဋိပက္ခဖြစ်စဉ်မှ ပုဒ်မ ၅၀၅(ဂ)/၃၄ ဖြင့် တရားစွဲဆိုထားသည့် သံဃာနှစ်ပါးနှင့် လူပုဂ္ဂိုလ် ငါးဦးတွင် ပါဝင်ခဲ့သူများ ဖြစ်သည်။ ဖမ်းဝရမ်း ထုတ်ခံရသူများမှာ ဦးသုစိတ္တ၊ ဦးပညာဝံသ၊ တင်လင်းထိုက် (ခ) လင်းလင်း၊ တင်ဌေးအောင် (ခ) အကြီးကောင်၊ မြတ်ဖုန်းမော်၊ မအောင်အောင်မြင့် (ခ) မအောင်နှင့် တင်ထွဋ်ဇော်(ခ)ကိုလတ်တို့ဖြစ်ပြီး မေလ ၁၁ ရက်နေ့က မအောင်အောင်မြင့်(ခ) မအောင်နှင့် ၎င်း၏ခင်ပွန်းဖြစ်သူ တင်ထွဋ်ဇော် (ခ) ကိုလတ်တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ဖမ်းဝရမ်း ထုတ်ခံရသူများမှ သံဃာ နှစ်ပါးနှင့် မြတ်ဖုန်းမော် တစ်ဦးသာ လွတ်မြောက်လျက်ရှိပြီး ရဲစခန်းလာ အဖမ်းခံသူ နှစ်ဦးကို မင်္ဂလာတောင်ညွန့် မြို့နယ်တရားရုံးတွင် ရုံးထုတ်ချုပ်ရမန် ယူ၍ အင်းစိန် အကျဉ်းထောင်သို့ လွှဲအပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မေလ ၁၂ ရက်နေ့က ကမာရွတ် မြို့နယ်တရားရုံးတွင် ရိုဟင်ဂျာ မရှိကြောင်း အမေရိကန် သံရုံးရှေ့ ဆန္ဒထုတ်ဖော်မှုကြောင့် ငြိမ်း စု စီ ပုဒ်မ ၁၉၊ ၅၀၅(ခ) တို့ဖြင့် အမှုဖွင့် အရေးယူခံရသည့် ကိုဝင်းကိုကိုလတ်၊ ကိုသက်မျိုးဦး၊ ကိုနိုင်ဝင်းထွန်းနှင့် ကိုနေဝင်းအောင်တို့ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး အင်းစိန် အကျဉ်းထောင်သို့ လွှဲအပ်ခဲ့သည်။ 
                       
S-03