News

POST TYPE

CRIME & ACCIDENT

ဖဆပလ အိမ်ယာတွင် သက်တမ်းရင့် ကုက္ကိုပင် လဲကျရာမှ လူတစ်ဦး သေဆုံး
12-Aug-2016
ရန်ကုန်၊ သြဂုတ် ၁၂

မင်္ဂလာတောင်ညွန့်မြို့နယ် ဖဆပလရပ်ကွက် ကန်တော်လေးလမ်းနှင့် ဗိုလ်မင်းခေါင် လမ်းထောင့်တွင် ယနေ့ နံနက် ၉ နာရီခွဲက နှစ် ၁၀၀ ကျော် သက်တမ်းရှိ ကုက္ကိုပင် လဲကျရာမှ လူနှင့် မော်တော်ယာဉ် အဆောက်အအုံများပေါ် ပိမိခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အမြင့် ၅၅ ပေ လုံးပတ် ၁၈ ပေရှိ သက်တမ်းရင့် ကုက္ကိုပင်မှာ မော်တော်ကား အရောင်းပြခန်းဘေးရှိ စားသောက်ဆိုင်နှင့် ကားဝပ်ရှော့ အဆောက်အအုံ မော်တော်ယာဉ် ခြောက်စီးနှင့် အမျိုးသမီးနှစ်ဦး အမျိုးသားတစ်ဦးတို့အပေါ် လဲကျခဲ့ကြောင်း ဖဆပလရပ်ကွက် နေသူများထံမှ သိရသည်။

“ကားသုံးစီးက အတော်ပျက်စီးသွားတယ် ကျန်သုံးစီးက အပင်ကိုင်းဖျားတွေနဲ့ ရိုက်မိတာကြောင့် သိပ်မပျက်စီးခဲ့ဘူး သစ်ပင်ပိမိသူ သုံးယောက်မှာ တစ်ယောက်က ဆုံးသွားရှာတယ် ကျန်နှစ်ယောက်က အသက်အန္တရာယ် မစိုးရိမ်ရပါဘူး” ဟု လဲကျနေသည့် သစ်ပင်ကို ရှင်းလင်းရေး ဆောင်ရွက်နေသော မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

သစ်ပင်ပိမိရာမှ သေဆုံးခဲ့သော အသက် ၆၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ထိခိုက်ဒဏ်ရာရသူ နှစ်ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ထားကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။