News

POST TYPE

CRIME & ACCIDENT

ခိုးဝင်ဘင်္ဂါလီများ တင်ဆောင်လာသည့်ယာဉ် စစ်ဆေးရေးဂိတ်တွင် မောင်းပြေးရာ ငဖဲမြို့တွင် ဖမ်းမိ
11-Aug-2016

စစ်တွေ၊ သြဂုတ် ၁၁

ခိုးဝင်ဘင်္ဂါလီများ တင်ဆောင်လာပြီး ဂုတ်ကြီးစစ်ဆေးရေးဂိတ်တွင် မောင်းနှင်ထွက်ပြေးသော မောတော်ယာဉ်ကို စစ်တွေ-ရန်ကုန် လမ်းမကြီးပေါ်ရှိ ငဖဲမြို့နယ် စာတတ်ကူမောင်းတံဂိတ်တွင် ယနေ့(သြဂုတ် ၁၁ ရက်) နံနက် ၂ နာရီခန့်က ဖမ်းဆီးရမိခဲ့ကြောင်း ဂုတ်ကြီးရဲကင်းထံမှ သိရသည်။

“ဂုတ်ကြီးဂိတ်မှာ စစ်ဆေးဖို့တားတာကို မရပ်ဘဲ မောင်းပြေးတယ်။ ငဖဲ- စာတတ်ကူ မောင်းတံဂိတ်မှာကျတော့ နောက်ပြန်လှည့်ပြီး မောင်းပြေးဖို့ လုပ်သေးတယ်။ ပဒန်းရဲကင်းအဖွဲ့နဲ့ ပေါင်းပြီး ဖမ်းဆီးခဲ့ရတာ” ဟု ဂုတ်ကြီးရဲကင်းမှူး ရဲအုပ်ကျော်မျိုးက ပြောကြားသည်။

ဖမ်းဆီးရမိသည့် ဘင်္ဂါလီများမှာ မင်းပြားမြို့နယ် စြင်္ကာရွာမှဖြစ်ပြီး ယာဉ်ပိုင်ရှင်အပါအဝင် လေးဦးက ဘင်္ဂါလီများကို တစ်ဦးလျှင် ကျပ်ခုနစ်သိန်းဖြင့် တင်ဆောင်လာခြင်းဖြစ်ကြောင်း ဂုတ်ကြီးရဲကင်း၏ ကနဦးစစ်ဆေးချက်များအရ သိရသည်။

ယာဉ်ပိုင်ရှင်သည် ပြည်မြို့တွင်နေထိုင်သည့် ဦးတင်ထွန်းဖြစ်ပြီး ယာဉ်မောင်းမှာ ပေါင်းတည်မြို့တွင် နေထိုင်သည့် မင်းမောင်မောင်ပြုံးတို့ဖြစ်ကြောင်း၊ ၎င်းတို့နှင့်အတူ ဘင်္ဂါလီများကို ခေါ်ဆောင်လာသူနှစ်ဦးနှင့် ခိုးဝင်လာသည့် ဘင်္ဂါလီနှစ်ဦး (စုစုပေါင်း ခြောက်ဦး)တို့ကို ငဖဲမြို့နယ်ရဲစခန်းက လဝကဥပဒေပုဒ်မ ၆(၃) ဖြင့် အမှုဖွင့်ထားကြောင်း ဂုတ်ကြီး ရဲကင်းမှူး ရဲအုပ်ကျော်မျိုးက ထပ်လောင်းပြောကြားသည်။

ရန်ကုန်-စစ်တွေ ကားလမ်းပေါ်ရှိ ငဖဲမြို့နယ် ဂုတ်ကြီးရဲကင်းအနေနှင့် ၂ဝ၁၆ ခုနှစ်အတွင်း ခိုးဝင်ဘင်္ဂါလီများကို  တရာမဝင်သယ်ဆောင်လာမှု လေးကြိမ်ဖမ်းဆီးခဲ့ပြီး၊ ဘင်္ဂါလီ ၂၄ ဦးကို အရေးယူနိုင်ခဲ့ကြောင်း ယင်းရဲကင်းထံမှ သိရသည်။