News

POST TYPE

CRIME & ACCIDENT

ရန်ကုန်မြို့လယ်တွင် ဝက်ဝံမွေးထားသူကို အမှုဖွင့်
11-Aug-2016

ရန်ကုန်၊ ဩဂုတ် ၁၀

ရန်ကုန်မြို့လယ်တွင် တောရိုင်းတိရစ္ဆာန် ဝက်ဝံတစ်ကောင်ကို နေအိမ်၌ မွေးမြူထားသည့် အသက် ၂၆ နှစ် အရွယ် အမျိုးသားကို ဩဂုတ်လ ၉ ရက်နေ့က အမှုဖွင့် အရေးယူထားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဗဟန်းမြို့နယ်၊ ဗိုလ်ချို ၂ ရပ်ကွက်၊ နတ်မောက်လမ်းသွယ် (၁) ရှိ နေအိမ်တစ်လုံးတွင် အမြင့် ၁၅ လက်မ၊ အလျား ၂ ပေ၊ လုံးပတ် ၂ ပေခန့်ရှိ တစ်နှစ်သား အရွယ် ဝက်ဝံမတစ်ကောင်ကို တွေ့ရှိခဲ့ပြီး ယင်းဝက်ဝံကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ ယာယီအစီအစဉ်ဖြင့် လွှဲပြောင်းပေးအပ် ခဲ့ကြောင်း ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“နေအိမ်ထဲမှာ တောရိုင်းတိရစ္ဆာန် ဝက်ဝံကို မွေးထားကြောင်း သတင်းရလို့ သစ်တောဦးစီးဌာနက တာဝန်ရှိသူတွေက နေအိမ်ထဲ ဝင်စစ်ဆေးခဲ့တာပါ၊ ခွင့်ပြုချက်မရှိဘဲ ဝက်ဝံမွေးမြူသူကို အရေးယူ ထားတယ်၊ ဒီဝက်ဝံကို ဘယ်ကနေရပြီး မွေးမြူခဲ့တယ်ဆိုတာကို ဆက်လက် စစ်ဆေးနေပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းနေအိမ်အတွင်း ဝက်ဝံမွေးမြူသော အမျိုးသားကို တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝ နယ်မြေများ ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၃၅(ဂ) ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ဗဟန်း မြို့မရဲစခန်းထံမှ သိရှိရသည်။