News

POST TYPE

CRIME & ACCIDENT

နာဂဒေသ ဝက်သက်ရောဂါထိန်းချုပ်ရေး လိုအပ်လျှင် ရဟတ်ယာဉ်များသုံးမည်
09-Aug-2016

ရန်ကုန်၊ ဩဂုတ် ၈ 

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နာဂဒေသ လဟယ်နှင့် နန်းယွန်းမြို့နယ်များရှိ ဝက်သက်ရောဂါ အစုလိုက်ဖြစ်ပွားခဲ့သော ကျေးရွာများတွင် ရောဂါထိန်းချုပ်ရေး လုပ်ငန်းများနှင့် အခြားသို့ မကူးစက်နိုင်ရေးလုပ်ငန်းများ  ဆောင်ရွက်ရာတွင် တပ်မတော် ရဟတ်ယာဉ်များ သုံးစွဲရန် အစီအစဉ်ရှိကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က The Voice သို့ ပြောကြားသည်။ 

“လောလောဆယ် ရဟတ်ယာဉ်သုံးဖို့ တောင်းခံထားတာ မရှိသေးဘူး၊ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေကို သွားရတဲ့အတွက် အရေးပေါ်အနေနဲ့ ရဟတ်ယာဉ်သုံးစွဲဖို့တော့ အစီအစဉ် ရှိပါတယ်” ဟု ၎င်းက ပြောဆိုသည်။ 

ဝက်သက်ရောဂါ အစုလိုက်အပြုံလိုက် ဖြစ်ပွားခဲ့သော လဟယ်မြို့နယ်မှ ကျေးရွာငါးရွာနှင့် နန်းယွန်းမြို့နယ်မှ ကျေးရွာလေးရွာတွင် ရောဂါကူးစက်ပျံ့နှံ့ခြင်း မရှိစေရန်နှင့် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးခြင်း၊ ရောဂါဖြစ်ပွားသူများကို ရှာဖွေတွေ့ရှိပါက အရေးကြီးလူနာအဖြစ် အမြန်ဆုံး လွှဲပြောင်းပေးရေးအတွက် ရဟတ်ယာဉ်များသုံးစွဲရန် စီစဉ်ထားကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။ 

အဆိုပါရောဂါကို အခြားသောရွာတွင် နေထိုင်သူများထံ မကူးစက်ရန်  စီမံကွပ်ကဲ ဆောင်ရွက်နိုင်ရေးအတွက်  ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ စစ်ကိုင်းတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ ကူးစက် ရောဂါအထူးကု ဆရာဝန်ကြီးငါးဦး ပါဝင်သော အဖွဲ့က ဩဂုတ်လ ၆ရက်နေ့တွင် ယင်းဒေသများသို့ လာရောက်ကာ ထိန်းချုပ်နိုင်ရေးကို ဆောင်ရွက်နေကြောင်း ယင်းဌာနထံမှ သိရသည်။ 

လတ်တလောတွင် ရောဂါဖြစ်ပွားခဲ့သော ကျေးရွာများမှာ အသက်ကိုးလမှ ၁၅ နှစ်ထိ ကလေးငယ်များကို ဝက်သက်ရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်း၊ ကာကွယ်ဆေးထိုးရန် လိုအပ်သည့် ကလေးစာရင်း ကောက်ယူခြင်း၊  ရောဂါရှိသူကို ရှာဖွေခြင်း၊ ကူးစက်ခံထားရသည့် လူနာများကို ဗီတာမင်အေ တိုက်ကျွေးခြင်းနှင့် လူစုလူဝေးကို ရှောင်ကြဉ်စေခြင်း၊ ကျန်းမာရေးပညာပေးခြင်း တို့ကို ရှေ့ပြေးအဖွဲ့နှင့် တပ်မတော်ဆေးအဖွဲ့ တာဝန်ရှိ သူများက ဆောင်ရွက်လျက်ရှိကြောင်း  ယင်းဌာနထံမှ သိရသည်။ 

“ရဟတ်ယာဉ်နဲ့ဆိုရင် ဆေးဝါးက အစဆေးကုပေးနေတဲ့ ဆရာ၊ ဆရာမတွေကို ရိက္ခာပို့ပေးပြီး အမြန်ဆုံးကုသ ပေးနိုင်မှာပါ၊ အခုက ဆိုင်ကယ်နဲ့ဆိုတော့ လိုချင်တဲ့နေရာကို တစ်ရက်တည်း မရောက်တာတွေတောင် ရှိတယ်” ဟု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နာဂဒေသ ဦးစီးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

ဩဂုတ်လ ၈ ရက်နေ့အထိ နာဂဒေသတွင် ဝက်သက်ရောဂါကြောင့်  လဟယ် မြို့ရှိ ကျေးရွာငါးရွာတွင် ၂၇ ဦး၊ နန်းယွန်းမြို့နယ်ရှိ ကျေးရွာလေးရွာတွင် ၁၄ဦး၊ စုစုပေါင်း ၄၁ဦး သေဆုံးခဲ့ကြောင်း  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နာဂဒေသဦးစီး အဖွဲ့ရုံးထံမှ သိရသည်။