News

POST TYPE

CRIME & ACCIDENT

ရန်ကုန်တွင် ခုနစ်လအတွင်း လူ ၁၂၀ ကျော် မိမိကိုယ်ကိုယ်အဆုံးစီရင်
09-Aug-2016
ရန်ကုန်၊ ဩဂုတ် ၈

ရန်ကုန်တိုင်းဒေသကြီးတွင် ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ မိမိကိုယ်ကိုယ် ကြိုးဆွဲချ၊ အဆိပ်သောက်၊ ဓားဖြင့်ထိုးနှင့် အမြင့်ပေါ်မှ ခုန်ချ အဆုံးစီရင်ခဲ့သူ ၁၂၀ ကျော် ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

အဆိုပါသေဆုံးသူများတွင် အမျိုးသားအများစု ပါဝင်ခဲ့ပြီး ငွေကြေး အဆင်မပြေမှုကြောင့် ကြိုးဆွဲချ၊ အဆိပ်သောက်၍ မိမိကိုယ်ကိုယ်အဆုံးစီရင်မှု အများဆုံး ဖြစ်ပွားခဲ့ကြောင်း၊  လူမှုရေးပြဿနာ ရင်ဆိုင်နေရသူများ၊ မိသားစုနှင့် အဆင်မပြေသူများ၊ အရက်ကြောင်သူ၊ စိတ်မနှံ့သူနှင့် ရောဂါဝေဒနာ ခံစားနေရသူ၊ မူးယစ်ဆေးဝါး သုံးစွဲသူအချို့ပါ မိမိကိုယ်ကိုယ် အဆုံး စီရင်မှုများတွင် ပါဝင်ခဲ့သည်ကို စစ်ဆေး တွေ့ရှိရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“နေအိမ်ထဲမှာ ကြိုးဆွဲချ သေဆုံးမှုက ပိုများတယ်၊ သေဆုံးသူအများစုက တစ်ယောက်တည်း နေထိုင်ပြီး အကြောင်း အမျိုးမျိုးကြောင့် စိတ်ကျဝေဒနာ ခံစားနေရသူတွေ ဖြစ်တယ်၊ အချို့က စိတ်မနှံ့သူ၊ အချို့က ရောဂါဝေဒနာ ခံစားနေရပြီး မိသားစုကို ဒုက္ခမပေးချင်သူ၊ အချို့က မူးယစ်ဆေးဝါးသုံးစွဲပြီး စိတ်ဖောက်ပြန်ရာက မိမိကိုယ်ကိုယ် အဆုံးစီရင်မှုတွေ ပြုလုပ်ခဲ့တာကို စစ်ဆေးတွေ့ရှိရတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ 

ယင်းအဆုံးစီရင်မှုများတွင် ကြိုးဆွဲချသေဆုံးမှု ၉၄ မှု၊ အဆိပ်သောက် သေဆုံးမှု ၂၃ မှု ၊ မိမိကိုယ်ကိုယ်ဓားဖြင့် ထိုးကာသတ်သေမှု ၅ မှုနှင့် အဆောက်အအုံ၊ ခုံးကျော်တံတားများ ပေါ်မှ ခုန်ချသေဆုံးမှု ၁၀ မှုကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူအချို့တွင် မူးယစ်ဆေးဝါး သုံးစွဲထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သက်ဆိုင်ရာ ခရိုင် ရဲတပ်ဖွဲ့မှူးရုံးများထံမှ စုံစမ်းသိရှိရသည်။

အမြင့်ပေါ်မှ ပြုတ်ကျသေဆုံးမှု  ၄၂ မှုတွင် ရန်ကုန်မြို့တွင်းရှိ ပန်းဆိုးတန်း ခုံးကျော်တံတား၊ မဟာဗန္ဓုလ ခုံးကျော်တံတား၊ မြောက်ဒဂုံ ခုံးကျော်တံတား၊ ပြည်ထောင်စု ခုံးကျော်တံတားနှင့် လဂွန်းအိမ် ခုံးကျော်တံတားများပေါ်မှ ခုန်ချအဆုံးစီရင်သူ ဆယ်ဦးကျော်ရှိခဲ့ပြီး ခြောက်ဦးမှာ သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများထံမှ သိရှိရသည်။ 

“ဒီတစ်ပတ်တည်းမှာ တွံတေးမှာ ညားခါစ လင်မယားနှစ်ယောက် ငွေကြေး အဆင်မပြေလို့ အဆိပ်သောက် အဆုံးစီရင်ခဲ့တယ်၊ သာကေတမှာ မိခင်က ဂိမ်းမဆော့ဘဲ စာကျက်ဖို့ ပြောဆိုလို့ ဆယ်တန်းကျောင်းသားက ကြိုးဆွဲချ အဆုံးစီရင် ခဲ့တယ်၊ ကြက်ဘဲဈေးနားက လဂွန်းအိမ် ခုံးကျော်တံတားမှာ မိန်းမပျိုတစ်ဦး ခုန်ချ အဆုံးစီရင်ခဲ့တယ်၊ ဒီလိုအဆုံးစီရင်မှုတွေ မဖြစ်အောင် စိတ်ဓာတ်ကျနေသူကို ရင်းနှီးတဲ့မိတ်ဆွေတွေက အားပေးနှစ်သိမ့်မှုတွေ ဆောင်ရွက်ပေးစေချင်တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိက ၎င်း၏အမြင်ကို သုံးသပ်ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ခုနစ်လအတွင်း သေမှုသေခင်း အမှုပေါင်း ၇၉၂ မှု ဖြစ်ပွားခဲ့ရာမှ လူ ၈၀၀ ကျော် သေဆုံးခဲ့ရာ ရေနစ်သေဆုံးမှု ၁၉၆ မှု၊ ရောဂါကြောင့် သေဆုံးမှု ၁၃၂ မှု၊ အရက် အမူးလွန် သေဆုံးမှု ၁၀၉ မှု၊ ကြိုးဆွဲချ သေဆုံးမှု ၉၄ မှု၊ ဓာတ်လိုက်သေဆုံးမှု ၇၅ မှု၊ အမြင့်ပေါ်မှ ပြုတ်ကျသေဆုံးမှု ၄၈ မှု၊ ပြင်ပဒဏ်ရာ မရှိ ပိုင်ရှင်မဲ့လူသေဆုံးမှု ၆၄ မှု၊ အဆိပ်သောက် သေဆုံးမှု ၂၃ မှု၊ မိုးကြိုးပစ်သေဆုံးမှု ၄ မှု၊ ရထားကြိတ် သေဆုံးမှု ၁၀ မှု၊ ရုတ်တရက် ထိခိုက်သေဆုံးမှု ၂၀ မှု၊ မိမိကိုယ်ကိုယ် ဓားဖြင့်ထိုး သေဆုံးမှု ၅ မှု၊ မြေပြိုကျရာမှ လူသေဆုံးမှု ၃ မှု၊ အစာအဆိပ်သင့် သေဆုံးမှု ၃ မှု၊ ဆေးမှားသောက် သေဆုံးမှု ၂ မှု၊ သစ်ပင်ပိ သေဆုံးမှု ၁ မှုနှင့် မြွေကိုက်သေဆုံးမှု ၃ မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။