News

POST TYPE

CRIME & ACCIDENT

တေးသံရှင် ကဗျာဘွဲ့မှူးကို ငွေမရှိသည့် ချက်လက်မှတ်ဖြင့် အကြွေးဆပ်သည်ဟုဆိုကာ အမှုဖွင့်
09-Aug-2016 tagged as

ရန်ကုန်၊ ဩဂုတ် ၈

အနုပညာရှင်များထံမှ ငွေကျပ်သိန်း တစ်သောင်းကျော် လိမ်လည်ပြီး ထွက်ပြေး တိမ်းရှောင်နေသည်ဆိုသော တေးသံရှင် ကဗျာဘွဲ့မှူးကို ငွေမရှိသည့် ချက်လက်မှတ်ဖြင့် ကျပ်သိန်း ၁၃၀၀ အကြွေးပြန် ဆပ်ခဲ့သည်ဟုဆိုကာ အသက် ၃၉ နှစ် အရွယ် အမျိုးသမီးက ကမာရွတ်မြို့မ ရဲစခန်းတွင် ဩဂုတ်လ ၆ ရက်နေ့က တရားလိုပြု အမှု ဖွင့်တိုင်ကြားခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

အဆိုပါတရားလိုပြု အမှုဖွင့်တိုင်ကြားသူ အမျိုးသမီးမှာ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းတွင် နေထိုင်သူဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က တေးသံရှင် ကဗျာဘွဲ့မှူးကို စီးပွားရေးရင်းနှီး မြှုပ်နှံရန် ၎င်းက ငွေကျပ်သိန်း ၁၃၀၀ ကို သက်သေများရှေ့ ပေးခဲ့ကြောင်း၊ ဧပြီလ ၁ ရက်နေ့တွင် ကူညီထားသည့်ငွေများ ပြန်တောင်းခဲ့ရာ ကဗျာဘွဲ့မှူးက AGD ဘဏ် ငွေထုတ်ချက်လက်မှတ်တွင် ချေးငွေပမာဏကို ရေးပေးခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်များအရ ကမာရွတ်မြို့နယ် ရဲမှူးဇော်ဝင်းက ပြောကြားသည်။ 

“ချက်လက်မှတ်နဲ့ ဘဏ်မှာ ငွေသွားထုတ်တော့ ကဗျာဘွဲ့မှူးက ဘဏ်မှာ ငွေစုထားခြင်း မရှိကြောင်း သိရတယ်၊ သူတို့အချင်းချင်း ငွေပြန်ရဖို့ ညှိနှိုင်းရာက ကဗျာဘွဲ့မှူးက ထွက်ပြေးတိမ်းရှောင်သွားလို့  ငွေဆုံးရှုံးခဲ့တဲ့အမျိုးသမီးက  ရဲစခန်းမှာ အမှုလာဖွင့်တာပါ၊ အမှုဖွင့် တိုင်ကြားခံရသူ အဆိုတော်ကဗျာဘွဲ့မှူးကို မမိသေးဘူး” ဟု ကမာရွတ်မြို့မ ရဲစခန်းမှူး ဒုရဲမှူး သိန်းဟန်က ပြောကြားသည်။

တေးသံရှင်ကဗျာဘွဲ့မှူးမှ ၎င်းတို့ ဇနီးမောင်နှံပိုင်ဆိုင်သည့် ATH စက်သုံးဆီဆိုင်တွင် ရင်းနှီးမြှုပ်နှံရန် ငွေလိုအပ်နေသောကြောင့် ၎င်း၏ အနုပညာမိတ်ဆွေများ ဖြစ်သော အဆိုတော် မေခလာ၊ ကော်နီ၊ ဆုန်သင်းပါရ်၊ Lဆိုင်းဇီတို့ အပါအဝင် အနုပညာရှင် ၁၉ ဦးထံမှ ငွေကျပ် သိန်း တစ်သောင်းကျော် လိမ်လည်ရယူခဲ့ကြောင်း ငွေဆုံးရှုံးခဲ့သည့် အနုပညာရှင်များက ဇွန်လ ၇ ရက်က သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ 

ငွေကြေးကိစ္စများဖြင့် အမှုဖွင့် တိုင်ကြားခံရသော ကဗျာဘွဲ့မှူးနှင့် ပတ်သက်၍ ၎င်း၏မိသားစုက သက်ဆိုင်မှု မရှိကြောင်း ဇွန်လ ၇ ရက်နေ့က နိုင်ငံပိုင် သတင်းစာတွင် ကြေညာခဲ့ပြီး ကမာရွတ် မြို့မရဲစခန်းတွင် တေးသံရှင် ကဗျာဘွဲ့မှူးကို ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် ထပ်မံ အမှုဖွင့်တိုင်ကြားထားသူ ငါးဦးရှိကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ 

  • TAGS