News

POST TYPE

CRIME & ACCIDENT

Messenger ဂျာနယ် မှ မန္တလေး သတင်းထောက် ယာဉ်တိုက်ခံမှုကြောင့် အပြင်းအထန် ဒဏ်ရာရ
07-Aug-2016
မန္တလေး၊ သြဂုတ် ၇

မန္တလေးမြို့ အခြေစိုက် ထုတ်ဝေခဲ့သည့် မန္တလေးအလင်း သတင်းစာ (သတင်းထောက်ချုပ်)နှင့် Messenger မှ သတင်းထောက် တစ်ဦးဖြစ်သူ ကိုမျိုးမြင့်စံ (မြူငှက်)သည် သြဂုတ် ၆ ရက် ည ၁၀ နာရီခန့်က ၆၈ လမ်းနှင့် လမ်း ၃၀ ထောင့်တွင် ယာဉ် မတော်တဆမှု ဖြစ်ပွားခဲ့ရာ အပြင်းအထန် ဒဏ်ရာ ရရှိခဲသဖြင့် မန္တလေး ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောကုဌာနတွင် ဆေးကုသမှု ခံယူလျက် ရှိသည်။

ယာဉ် မတော်တဆမှုကြောင့် ကိုမျိုးမြင့်စံ၏ ဝဲဘက်ပေါင်ရိုး ကျိုးသွားခဲ့ပြီး ဦးခေါင်းတွင်လည်း ကွဲကြေဒဏ်ရာ ရရှိခဲ့သဖြင့် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း ဆေးရုံ မှတ်တမ်းများအရ သိရသည်။

"ကျွန်တော်တို့ လမ်းထောင့်နားမှာပဲ ရှိနေခဲ့ကြတာပါ။ ကားနဲ့ ဆိုင်ကယ် တိုက်မိတော့ အရှိန်လည်း ပြင်းပါတယ်။ ဆိုင်ကယ်ကတော့ တော်တော်ဝေးဝေးကို လွှင့်သွားပြီး လူက ကျန်ခဲ့ပါတယ်။ တော်တော် ပြင်းပြင်းထန်ထန်လည်း ထိခိုက်သွားပါတယ်"ဟု အခင်းဖြစ်ပွားရာ နေရာအနီးရှိ ဈေးဆိုင်တစ်ခုမှ အမျိုးသား တစ်ဦးက ပြောဆိုသည်။

ကိုမျိုးမြင့်စံကို ဝင်ရောက် တိုက်မိခဲ့သည့် Crown အဖြူရောင်ကားမှာ ယာဉ် မတော်တဆမှု ဖြစ်ပွားပြီးချင်း မောင်းနှင်ထွက်ပြေး သွားခဲ့ကြောင်း၊ အနီးဝန်းကျင်တွင် ရှိနေခဲ့သည့် အမျိုးသား ငါးဦးခန့်က ဆိုင်ကယ်များဖြင့် လိုက်ခဲ့ကြသော်လည်း ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

"ယာဉ်တိုက်မှု ဖြစ်တယ်ဆိုလို့ ကျွန်တော်တို့ သွားတဲ့အချိန်မှာ ကားက မရှိတော့ပါဘူး။ ဒါကြောင့် တိုက်ပြေးနဲ့ပဲ အမှတ် ၃ ရဲစခန်းမှာ အမှုဖွင့့်ထားပါတယ်"ဟု အမှတ် ၁၄ ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှ အရာရှိ တစ်ဦးက ပြောကြားသည်။


  • VIA