News

POST TYPE

CRIME & ACCIDENT

ချစ်သူက လက်မထပ်လျှင် အဆုံးစီရင်ရန် ယူလာသော ယမ်းထုပ်ပေါက်ကွဲရာမှ သေဆုံး
06-Aug-2016
စစ်ကိုင်း၊ သြဂုတ် ၆

စစ်ကိုင်း တိုင်းဒေသကြီး၊ ကလေးမြို့ မော်လိုက်ကလေးရွာရှိ ချစ်သူမိန်းကလေး၏ ဈေးဆိုင်တွင် သြဂုတ် ၅ ရက် ည ၈ နာရီခွဲက အသက် ၂၈ နှစ်အရွယ် အမျိုးသားက လက်မထပ်လျှင် အဆုံးစီရင်မည်ဟုဆိုကာ ယူလာသော ယမ်းထုပ်ပေါက်ကွဲရာမှာ ယင်းအမျိုးသား သေဆုံးခဲ့ကြောင်း ကလေးမြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဗိုလ်ဗိုလ်ဝင်းထွဋ်က ပြောကြားသည်။

အဆိုပါ ဈေးဆိုင်သို့ အသက် ၂၈ နှစ်အရွယ် ကိုအေးကိုမှာ ချစ်သူ၏ မိန်းကလေးဆိုင်တွင် ရောက်ရှိနေစဉ် ၎င်း၏ ဘေးလွယ်အိတ်ထဲတွင် ယူဆောင်လာသော ငါးမိုင်းခွဲရာတွင် အသုံးပြုသည့်  ယမ်း၊ ဝါယာကြိုးနှင့် ဆိုင်ကယ်ဘက်ထရီ ပူးပြီး ရှော့ခ်ဖြစ်ပြီး ပေါက်ကွဲခဲ့ရာ ကိုအေးကိုမှာ သေဆုံးခဲ့ပြီး ၎င်း၏ချစ်သူ အသက် ၃ဝ အရွယ် အမျိုးသမီးမှာ မျက်နှာတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒုရဲအုပ် ဗိုလ်ဗိုလ်ဝင်းထွဋ်က ရှင်းပြသည်။

ကလေးမြို့ စခန်းကြီးကျေးရွာတွင် နေထိုင်သော ကိုအေးကိုမှာ ယခင်က ၎င်း၏ ချစ်သူထံ လက်ထပ်ခွင့် တောင်းရာမှ ငြင်းဆန်ခံရပြီး ချစ်သူအမျိုးသမီးက ရှောင်နေကြောင်း၊ သြဂုတ် ၅ ရက်က အမျိုးသမီးထံ လာရောက်တွေ့ဆုံပြီး လက်ထပ်ခွင့် တောင်းရာတွင် ထပ်မံငြင်းဆိုပါက မိမိကိုယ်ကို အဆုံးစီရင်ရန် ယူဆောင်လာသော ယမ်းထုပ်မှာ ရုတ်တရက် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ယူဆရကြောင်း ကလေးမြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအရာရှိက ပြောဆိုသည်။ 

အခင်းဖြစ်ပွားရာ နေရာတွင် ငါးမိုင်းခွဲရာ၌ အသုံးပြုသော ယမ်းမှုန့်နှင့် ဝါယာကြိုး အပိုင်းအစ၊ ဆိုင်ကယ်ဘက်ထရီအိုး အပိုင်းအစများကို တွေ့ရှိခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် သေဆုံးသူ မောင်အေးကိုအား ရာဇသတ်ကြီးပုဒ်မ ၃ဝ၄ - (က) ဖြင့် အမှုဖွင့်ထားကြောင်း ကလေးမြို့ မြို့မရဲစခန်း သိရှိရသည်။