News

POST TYPE

CRIME & ACCIDENT

လွန်ခဲ့သည့် ၁၆ နှစ်က လူသတ်မှုကို အမှုဖွင့်
ပခုက္ကူ၊ ဇန်နဝါရီ ၁၀

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ရွှေပေးကျေးရွာတွင် လွန်ခဲ့သည့် ၁၆ နှစ်က ဖြစ်ခဲ့သည့် လူသတ်မှုကို ဇန်နဝါရီလ ၇ ရက်နေ့က ပခုက္ကူမြို့မ ရဲစခန်းတွင် အမှု လာရောက် ဖွင့်လှစ်ခဲ့ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

အဆိုပါ ကျေးရွာတွင် ၂၀ဝ၀ ပြည့်နှစ်က လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ ရိုက်နှက်မှုကြောင့် ကြားဝင် ဖျန်ဖြေပေးသူ သေဆုံးခဲ့သည့်အပေါ် အမှုဖွင့် တိုင်ကြားခြင်းဖြစ်ကြောင်း ပခုက္ကူမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်စိုးက ပြောကြားသည်။

ရွှေပေးကျေးရွာတွင် ၂၀ဝ၀ ပြည့်နှစ် ဧပြီလအတွင်းက လင်မယားချင်း စကားများ ရန်ဖြစ်ရာတွင် ဝင်ရောက် ဖြန်ဖြေခဲ့သည့် အသက် ၃၈ နှစ်အရွယ် မအေးဆွေကို အသက် ၄၅ နှစ်အရွယ် ဖိုးပေါက်(ခ)သန်းဝင်းက ထွန်ခြစ်ဖြင့် ဦးခေါင်း ရိုက်မိ၍ ပခုက္ကူပြည်သူ့ဆေးရုံကြီးတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“တရားလို ဒေါ်စိုးစိုးခိုင်က မြောင်းမြမြို့မှာ နေတယ်။ ၂၀ဝ၀ ခုနှစ်က အစ်မဝမ်းကွဲတော်စပ်သူ မအေးဆွေ မကျီးပင်ပေါ်က လိမ့်ကျ သေဆုံးတယ်လို့ပဲ သိရှိထားတယ်”ဟု ဒုရဲမှူးကျော်စိုးက ဆိုသည်။

ဒေါ်စိုးစိုးခိုင်သည် အမွေကိစ္စဖြင့် ပခုက္ကူသို့ လာရောက်စဉ် လူသတ်မှု ကျူးလွန်သူ၏ဇနီး ဒေါ်ခင်မှုံက မအေးဆွေကို ၎င်း၏ ခင်ပွန်းက ထွန်ခြစ်ဖြင့် ဦးခေါင်းကို ရိုက်နှက်၍ သေဆုံးသည်ဟု ပြောပြသည်ကိုသိရှိ၍ လာရောက် အမှုဖွင့်ခြင်းဖြစ်ကြောင်း ကနဦး စစ်ဆေးချက်များအရ ၎င်းက ရှင်းပြပြောဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဖိုးပေါက်(ခ)သန်းဝင်းကို (ပ)၁၈/ ၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ယင်းရဲစခန်း မှတ်တမ်းအရ သိရှိရသည်။

R-03