News

POST TYPE

CRIME & ACCIDENT

ကလေးမြို့တွင် ရဲအယောင်ဆောင်ထားသော လူတစ်စုက အမျိုးသမီး တစ်ဦးကို အုပ်စုဖွဲ့ အဓမ္မကျင့်
04-Aug-2016 tagged as

ကလေး၊ သြဂုတ်  ၄ 

စစ်ကိုင်းတိုင်းဒေသကြီး၊  ကလေးမြို့ တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းတွင် သြဂုတ်လ ၃ ရက် ည ၁၁ နာရီခန့်က ချိန်းတွေ့နေသော ချစ်သူစုံတွဲမှ အသက် ၂၈ နှစ်အရွယ် မိန်းကလေးကို ရဲအယောင် ဆောင်ထားသော လူတစ်စုက အုပ်စုဖွဲ့ကာ အဓမ္မ ပြုကျင့်ခဲ့ကြောင်း ကလေးမြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

ချစ်သူနှစ်ဦး ချိန်းတွေ့ရာ နေရာသို့ အမျိုးသား ငါးဦး ရောက်ရှိလာပြီး ရဲတပ်ဖွဲ့ဝင်များဟုဆိုကာ ခြိမ်းခြောက်ပြီး စခန်းလိုက်ခဲ့ရမည် မလိုက်လိုပါက ပိုက်ဆံပေးရမည်ဟု ပြောဆိုခဲ့ကြောင်း၊ စုံတွဲက ပိုက်ဆံ မပေးနိုင်သည်ဟု ပြောဆိုသဖြင့် အမျိုးသားကို ပြေးခိုင်းပြီး အမျိုးသမီးကို ယင်းအဖွဲ့က တာဟန်းရပ်ကွက်ရှိ ဒိုးဝိုင်းချောင်း သုသာန်ဘက်သို့ ခေါ်ဆောင်ပြီး အုပ်စုဖွဲ့ကာ အဓမ္မ ပြုကျင့်ခဲ့ကြောင်း ရဲစခန်းတွင် ကာယကံရှင်များ၏ တိုင်ကြားချက်များအရ သိရှိရသည်။ 

"ထွက်ပြေးလာတဲ့ ကောင်လေးက ညတွင်းချင်း စခန်းကို လာတိုင်တယ်၊ တစ်နာရီအတွင်းမှာ ကျုးလွန်သူတွေထဲက လေးယောက်ကို  ဒိုးဝိုင်းချောင်း သုသာန်သွားတဲ့ လမ်းပေါ်မှာ ဖမ်းမိတယ်၊ ကျန်တဲ့ တစ်ယောက်ကိုလည်း အမြန်ဆုံး ဖမ်းမိဖို့ ရှာဖွေ စုံစမ်းနေပါတယ်"ဟု ကလေး မြို့မရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် ဗိုလ်ဗိုလ်ဝင်းထွဋ်က ပြောကြားသည်။ 

အုပ်စုဖွဲ့ ကျုးလွန်သူများအနက် အသက် ၁၉ နှစ်အရွယ်ရှိ ကိုဟိန်းထက်နိုင်နှင့် ကိုလင်းထက်အောင်၊ အသက် ၂၃ နှစ်အရွယ် ကိုပြည့်စုံအောင်၊ အသက် ၂၅ နှစ်အရွယ် ကိုအာကာစိုးတို့ကို ဖမ်းမိထားပြီး အသက် ၂၇ နှစ်အရွယ် ကိုအောင်ကျော်ဟိန်းမှာ  ထွက်ပြေး တိမ်းရှောင်နေကြောင်း၊ ယင်းအမျိုးသား ငါးဦးကို ရာဇသတ်ကြီးပုဒ်မ ၁၇ဝ / ၃၆၆ / ၃၇၆ / ၃၇၇ / ၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း ကလေးမြို့မရဲစခန်းထံမှ သိရှိရသည်။ 

  • VIA
  • TAGS