News

POST TYPE

CRIME & ACCIDENT

သိန်း ၈၀၀ ကျော်တန် ပတ္တမြား ပျောက်ဆုံး
08-Jan-2017 tagged as

တောင်ငူ၊ ဇန်န၀ါရီ ၈

မွန်ပြည်နယ်၊ သထုံမြို့ လိပ်အင်းရပ်ကွက် ဓာတ်တော်တိုက်ဘုရားလမ်းထောင့်ရှိ နေအိမ်တွင် လာရောက်တည်းခိုသော ကျောက်ကုန်သည်၏ ကျပ်သိန်း ၈၀၀ တန် ပတ္တမြားအရိုင်းတုံး ဇန်န၀ါရီလ ၃ ရက်နေ့ နံနက်ပိုင်းက ပျောက်ဆုံးခဲ့ကြောင်း သထုံမြို့မ ရဲစခန်းမှူး ဒုရဲမှူး သန်းဇော်က ပြောကြားသည်။

မိုးကုတ်မြို့မှ ကျောက်ကုန်သည် ဦးလှသန်းက ကျောက်သွေးရုံတွင် လာရောက်တည်းခိုနေထိုင်ပြီး ကျောက်ပညာရှင်တစ်ဦးနှင့် တွေ့ဆုံကာ  ကျောက်ကို စစ်ဆေးရန် စောင့်ဆိုင်းနေစဉ် အခိုးခံရကြောင်း၊ ဇန်န၀ါရီလ ၂ရက် ညဦးပိုင်းက ပတ္တမြား၊ ကျောက်ကြည့် ဓာတ်မီးနှင့် အခြားပစ္စည်းအချို့နှင့်အတူ ခါးပိတ်အိတ်ထဲ ထည့်ကာ ကျောက်သွေးရုံ အနောက်ရှိ နေအိမ်တွင် ညအိပ်ခဲ့ကြောင်း၊ ဇန်န၀ါရီလ ၃ ရက်နေ့ ၎င်း၏တပည့်က ခါးပတ်အိတ်မှာ အိမ်အနီး ရေမြောင်းဘေးတွင် တွေ့ရှိသည်ဟု ပြောဆိုသဖြင့် သွားရောက်ကြည့်ရှုရာမှ ပတ္တမြား ပျောက်ဆုံးနေသည်ကို  သိရှိခဲ့ကြောင်း ပတ္တမြားပျောက်ဆုံးသူ၏ သထုံမြို့မ ရဲစခန်းတွင် တိုင်ကြားချက်အရ သိရသည်။

“ပတ္တမြားပိုင်ရှင် ကျောက်ကုန်သည်က တရုတ်နိုင်ငံသားတွေနဲ့ ခနောက်စိမ်း တူးဖော်ရေး လုပ်ငန်း လုပ်ဆောင်နေတာ၊ ကျောက်က အရိုင်းတုံး ဆိုပေမယ့် တန်ဖိုးရှိတော့ ဒီကျောက်ကို ဘာလို့ ခုလိုနယ်စပ်ထွက်လို့ ရတဲ့ နေရာမျိုးကို သယ်လာသလဲ ဆိုတာက မေးခွန်းထုတ်စရာပါ” ဟု သထုံမြို့ မြို့မိမြို့ဖ  အသက် ၅၀ အရွယ် အမျိုးသားကြီးတစ်ဦးက ပြောကြားသည်။

သိန်း ၈၀၀ တန် ပတ္တမြား ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဇန်န၀ါရီလ  ၆ ရက်တွင် ယင်းနေအိမ်မှ အမျိုးသားလေးဦးကို  စစ်ဆေးနေကြောင်း သထုံမြို့မ ရဲစခန်းမှူး ဒုရဲမှူး သန်းဇော်က ပြောကြားသည်။

R-15 

  • TAGS