News

POST TYPE

CRIME & ACCIDENT

လက်ဖက်ရည်ဆိုင် လိုက်မထိုင်သည့် သမက်ကို ယောက္ခမက ဓားဖြင့်ထိုး
07-Jan-2017 tagged as


ရန်ကုန် ဇန်နဝါရီ ၇ 

လှိုင်သာယာမြို့နယ်၊ (၇)ရပ်ကွက်၊ ဗဟိုလမ်းတွင် ဇန်န၀ါရီလ ၅ ရက် ည ၉ နာရီက သမီးအိမ် အလည်လာသည့် အသက် ၄၅ နှစ်အရွယ် ဖခင်ဖြစ်သူက ၎င်းနှင့်အတူ လက်ဖက်ရည်ဆိုင် လိုက်မထိုင်သည့် သမက်ကို ဓားဖြင့် နှစ်ချက် ဆင့်ထိုးခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ဓားဖြင့်ထိုးသူ ဦးစနေမှာ ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ အေးရွာအလယ်ပိုင်းတွင် နေထိုင်သူဖြစ်ပြီး ယင်းနေ့က သမီးဖြစ်သူ အသက် ၁၉ နှစ်အရွယ် မ၀ါဝါထွန်း၏ နေအိမ်သို့ အလည်လာရောက်ခဲ့ကြောင်း၊ ယင်းနောက် လက်ဖက်ရည် သွားသောက်ရန် သမီးနှင့် သမက်ကိုခေါ်စဉ် အသက် ၂၄ နှစ်အရွယ် သမက်ဖြစ်သူ ကိုဝင်းကိုက မလိုက်သောကြောင့် နှစ်ဦး စကားများ ရန်ဖြစ်ခဲ့ကြောင်း လှိုင်သာယာမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ယောက္ခမက ၀က်သတ်ရုံမှာ အလုပ် လုပ်တဲ့သူပါ၊ သမီးအိမ် လာလည်ရင်း သမက်နဲ့ စကားများ ရန်ဖြစ်ရာက ဓားနဲ့ထိုးခဲ့တာ၊ ဓားထိုးခံရသူ ဒဏ်ရာက အသက်အန္တရာယ် စိုးရိမ်ရပြီး လက်ရှိ အင်းစိန်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။ 

ဓားထိုးခံရသော ကိုဝင်းကိုမှာ ညာဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဘယ်ပေါင် ထိုးသွင်းဒဏ်ရာ တစ်ချက် ရရှိခဲ့ပြီး နာကျင်ဒဏ်ရာ ရရှိအောင် ပြုလုပ်ခဲ့သော ဦးစနေကို ရဲတပ်ဖွဲ့က ဖမ်းဆီးကာ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း လှိုင်သာယာ မြို့မရဲစခန်းထံမှ သိရသည်။


  • TAGS