News

POST TYPE

CRIME & ACCIDENT

တွံတေးတွင် ဇနီးမောင်နှံနှစ်ဦး အဆိပ်သောက် အဆုံးစီရင်
04-Aug-2016

ရန်ကုန်၊ သြဂုတ် ၃

တွံတေးမြို့နယ်၊ အဒွန်းကျေးရွာတွင် သြဂုတ်လ ၂ ရက် ည ၁၀ နာရီက အသက် ၂၀ ကျော် အရွယ်ရှိ ဇနီးမောင်နှံ နှစ်ဦး အဆိပ်သောက်၍ အဆုံးစီရင်ခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

အဆိုပါ အဆုံးစီရင်ခဲ့သော အသက် ၂၅ နှစ်အရွယ် ခင်ပွန်းဖြစ်သူနှင့် အသက် ၂၄ နှစ် အရွယ် ဇနီးဖြစ်သူတို့မှာ အိမ်ထောင်သက် နှစ်လကြာ ပေါင်းသင်းခဲ့ပြီး စီးပွားရေး အဆင်မပြေသောကြောင့် ပိုးသတ်ဆေးသောက်၍ သေဆုံးခဲ့ကြောင်း မိသားစုဝင်များ၏ ထွက်ဆိုချက်များအရ တွံတေးမြို့မ ရဲစခန်းမှ ဒုရဲမှူး ကျော်နိုင်စိုးက ပြောကြားသည်။

“လင်မယားနှစ်ယောက်က အလုပ်ရှာမရဖြစ်ပြီး ငွေကြေးအဆင်မပြေတာကြောင့် သေချင်တယ်လို့ အမြဲပြောဆိုခဲ့ဖူးကြောင်း သေဆုံးသူရဲ့ မိဘတွေ ထွက်ဆိုချက်အရ သိရတယ်၊ ဘာအကြောင်းကြောင့် သေဆုံးတယ်ဆိုတာ သိရှိရအောင် ရင်ခွဲစစ်ဆေးနေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

ယင်းသေဆုံးခဲ့သော ဇနီးမောင်နှံ နှစ်ဦးမှာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မရှိဘဲ ၎င်းတို့ နေထိုင်သည့် တဲအိမ်အရှေ့တွင် လဲကျလျက်ပါးစပ်မှ အမြုပ်များထွက် သေဆုံးနေပြီး ရုပ်အလောင်းများကို တွံတေးဆေးရုံသို့ ပို့အပ်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် သိရှိရန် သေမှုသေခင်း အမှတ်စဉ် ၂၆/၁၆ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။