News

POST TYPE

CRIME & ACCIDENT

ဆေးဖြတ်လိုက ရပ်/ကျေး အုပ်ချုပ်ရေးမှူးရုံးတွင် စာရင်းပေးနိုင်
02-Aug-2016 tagged as မူးယစ်

မြိတ်၊ သြဂုတ် ၁

မြိတ်ခရိုင်အတွင်းရှိ မူးယစ်ဆေးဝါး စွဲနေသူများ ဆေးဖြတ်လိုပါက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်စာရင်းပေးနိုင်ပြီ ဖြစ်ကြောင်း မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး တင်ထွန်းက ပြော ကြားသည်။

အုပ်ချုပ်ရေးမှူးရုံးအပြင် မြိတ်၊ ကျွန်းစု၊ ပုလောနှင့် တနင်္သာရီမြို့နယ်များရှိ နယ်မြေရဲကင်းရုံးများတွင်လည်း စာရင်းပေးသွင်းနိုင်သည်ဟု ဒုရဲမှူးက ဆိုသည်။
“သက်ဆိုင်ရာ မြို့နယ်အလိုက် ဆေးဖြတ်လိုသူတွေကို မြိတ်ပြည်သူ့ဆေးရုံကြီးမှာ ပြင်ပလူနာအဖြစ် ဆေးကုသခွင့်ပေးမယ်” ဟု ဒုရဲမှူး တင်ထွန်းက ဆိုသည်။

လက်ရှိတွင် စာရင်း စတင်ပေးသွင်းနေကြပြီ ဖြစ်ပြီး ဆေးဖြတ်လိုသူများသည် အုပ်ထိန်းသူများမှ တစ်ဆင့် အမှန်တကယ် ဆေးစွဲနေကြောင်း သက် ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးရုံးနှင့် နယ်မြေရဲကင်းရုံးများတွင် ထောက်ခံချက်များ ရယူရမည် ဖြစ်ကြောင်း ရဲမှူးက ရှင်းပြသည်။

မြိတ်ခရိုင်းအတွင်း ကျွန်းစုမြို့နယ်ရှိ ပင်လယ်ကျေးရွာ အချို့တွင် မူးယစ်ဆေးဝါး သုံးစွဲသူ အများဆုံးဖြစ်ကြောင်း မြိတ်ခရိုင် မှုခင်းမှတ်တမ်းများအရ သိရသည်။

Dawei Watch