News

POST TYPE

CRIME & ACCIDENT

ထိုင်းနိုင်ငံသုံး ဘတ်ငွေများ တရားမဝင် သယ်ဆောင်သူ လေးဦးကို ဖမ်းဆီး
02-Aug-2016

မြဝတီ၊ သြဂုတ် ၂

ထိုင်းနိုင်ငံသုံး ဘတ်ငွေများ ရန်ကုန်မြို့သို့ တရားမဝင် သယ်ဆောင်သည့်အဖွဲ့ကို ကရင်ပြည်နယ် မြဝတီမြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း မြဝတီမြို့မ ရဲစခန်းထံမှ စုံစမ်းသိရသည်။

တရားမဝင် နိုင်ငံခြားငွေများ ရန်ကုန်မြို့သို့ လျှို့ဝှက်ခိုးယူ သယ်ဆောင်နေကြောင်း သတင်းအရ မြဝတီမြို့နယ် သင်္ဃန်းညီနောင်ကျေးရွာ အာရှလမ်းမကြီးပေါ်ရှိ AK ဘီးခွန်ဂိတ်တွင် စောင့်ဆိုင်းနေစဉ် မြဝတီမြို့ဘက်မှ ကော့ကရိတ်မြို့ဘက်သို့ မောင်းနှင်လာသော Toyota Mark X အမျိုးအစား အဖြူရောင်ယာဉ်ကို ရပ်တန့်စစ်ဆေးရာ ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် နေထိုင်သည့် ယာဉ်မောင်းနှင်သူ ထက်မြတ်အောင် (ခ) ဘီလား (အသက် ၂၇ နှစ်) (ဘ) ဦးမြင့်သောင်းနှင့် ယာဉ်ပေါ်လိုက်ပါလာသော မော်လမြို့မြို့ မောင်ငံရပ်တွင် နေထိုင်သည့် သော်တာငြိမ်း (ခ) အရွှတ်၊ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်ကြသည့် ရန်နိုင်ဦး (ခ) လွတ်ကမန် (အသက် ၂၅ နှစ်) နှင့် မျိုးဇင်နိုင် (အသက် ၃၁ နှစ်) တို့ လေးဦးကို တွေ့ရှိရပြီး ယာဉ်ကို စစ်ဆေးရှာဖွေရာ ယာဉ်နောက်ဖုံးအတွင်းမှ M-150 တံဆိပ်ပါ အချိုရည် စက္ကူဗူးခွံအတွင်း ထည့်သွင်းထားသည့် ထိုင်းနိုင်ငံသုံး ဘတ်ငွေ ၁၀၀၀ တန် ၇၀၀၀ ရွက်၊ ကာလတန်ဖိုး ထိုင်းဘတ်ငွေ သိန်း ၇၀ (တစ်ဘတ်လျှင် ၃၄ ကျပ်နှုန်းဖြင့် မြန်မာငွေ ကျပ်သိန်း ၂၃၈၀) ကို ရှာဖွေတွေ့ရှိသဖြင့် ရဲအုပ်မျိုးကျော်က သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် ရေးသွင်းသိမ်းဆည်းခဲ့သည်။

အဆိုပါ တရားမဝင် ငွေကြေးသယ်ဆောင်သူ လေးဦးကို သင်္ဃန်းညီနောင် နယ်မြေရဲစခန်းက (ပ) ၁၇၇/၂၀၁၆၊ နိုင်ငံခြားငွေအက် ဥပဒေပုဒ်မ ၂၄(၁) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။