News

POST TYPE

CRIME & ACCIDENT

အင်ဂျင်ဝိုင်သောက်ထားသည့်လူနာ ဆေးကုသနေစဉ် ကြိုးဆွဲချသေဆုံး
22-Jun-2020

ပုသိမ်၊ ဇွန် ၂၁ 

ချစ်သူမိန်းကလေးနှင့် အဆင်မပြေ၍ အင်ဂျင်ဝိုင်သောက်ကာ သေကြောင်းကြံခဲ့သည့်အတွက် ပုသိမ်မြို့ရှိ ခုတင် ၅၀ဝ ဆံ့ဆေးရုံကြီး၏ သီးသန့်ကုသရေးဆောင်တွင် ဆေးကုသမှုခံယူနေရသည့် အမျိုးသားလူနာသည် ဇွန်လ ၁၉ ရက်နေ့က  ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ယင်းဆေးရုံအုပ်ကြီးရုံးထံမှ သိရသည်။

မန္တလေးတိုင်း ရမည်းသင်းမြို့နယ်၌ နေထိုင်သူ အသက်(၂၈)နှစ်ရှိ ကိုချစ်သောင်း (ခေါ်) ကိုချစ်လှသည် ဇွန်လ ၁၇ ရက်နေ့က တရုတ်နိုင်ငံမှပြန်လာသည့် အသက် ၁၈ နှစ်အရွယ် ချစ်သူအမျိုးသမီးငယ်ရှိရာ ပုသိမ်မြို့သို့ လာရောက်ခဲ့ကြောင်း၊ အိမ်ထောင်နှင့် ကလေးနှစ်ဦးရှိနေသည့် ၎င်းအား ချစ်သူအမျိုးသမီးငယ်က လက်မခံသဖြင့် အင်ဂျင်ဝိုင်သောက်၍ သေကြောင်းကြံစည်ခဲ့သဖြင့် ဆေးရုံရောက်လာသည့်လူနာဖြစ်ကြောင်း ယင်းဆေးရုံမှတ်တမ်းအရလည်း သိရသည်။

ဆေးကုသနေစဉ် ပုဆိုးကြိုးကျစ်နေသည်ကို ဆရာမတစ်ဦးက တွေ့ရှိခဲ့သောကြောင့် ပုဆိုးကိုသိမ်းကာ ဘောင်းဘီဝတ် ပေးထားရကြောင်း၊ အခင်းဖြစ်သည့်နေ့က အိမ်သာတက်မည်ဆိုကာ အိမ်သာတွင်းဝင်၍ ကြိုးဆွဲချသေခဲ့ခြင်းဖြစ်ကြောင်း ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က The Voice Daily သို့ ပြောကြားသည်။

“CCTV ကနေ စောင့်ကြည့်တော့ သူအိမ်သာထဲဝင်သွားတာတွေ့တယ်၊ ၁၀ မိနစ်ကျော်ကြာတဲ့အထိ အိမ်သာထဲက ထွက်မလာလို့  သံသယရှိလာတာကြောင့် အလုပ်သမားတစ်ယောက်ကို PPE ဝတ်ခိုင်းပြီး အိမ်သာတံခါးဆွဲဖွင့်လိုက်တော့ အိမ်သာထဲမှာ သူ့အင်္ကျီလက်ရှည်ကို လည်ပင်းမှာပတ်ပြီးတော့ ကြိုးဆွဲချသေဆုံးနေတာ တွေ့ရပါတယ်”ဟု ၎င်းကရှင်းပြသည်။ 

ယင်းလူသေမှုနှင့်ပတ်သက်၍ သေဆုံးသူ၏ဇနီးနှင့်မိသားစုထံ အကြောင်းကြားသော်လည်း ရောက်မလာသဖြင့် ပုသိမ်မြို့ မနောဖြူလူမှုကူညီရေးအဖွဲ့က တာဝန်ယူ၍ သင်္ဂြိုဟ်ပေးခဲ့ပြီး ပုသိမ်ဆေးရုံကြီးမှ တာဝန်ရှိသူများက သံဃာတော် ၅ ပါး ပင့်ဖိတ်၍ ကွယ်လွန်သူအတွက် အလှူအတန်းပြုလုပ်အမျှပေးဝေခဲ့ကြောင်း၊ ပုသိမ်နယ်မြေရဲစခန်းက သေမှုသေခင်းဖွင့်လှစ်ကာ အရေးယူခဲ့ကြောင်း ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံမှလည်း  သိရသည်။             

R-04