News

POST TYPE

CRIME & ACCIDENT

မြဝတီတွင် ငါးမန်းဂိမ်းလောင်းကစားရုံဖွင့်လှစ်သည့် တရုတ်နိုင်ငံသား သုံးဦးကို ဖမ်းမိ
19-Jun-2020
ရန်ကုန်၊ ဇွန် ၁၈

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ငါးမန်းဂိမ်းလောင်းကစားရုံဖွင့်လှစ်ထားသော တရုတ်နိုင်ငံသားသုံးဦးကို ဇွန် ၁၇ ရက် ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

အခင်းဖြစ်နေ့ ညနေပိုင်းက မြဝတီမြို့၊ (၄)ရပ်ကွက်၊ ပြည်သာယာ ၄ လမ်းရှိ သရက်ခြံတွင် ငါးဂိမ်းလောင်းကစားရုံ ဖွင့်လှစ်ထားကြောင်း သတင်းရရှိသဖြင့် ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ ငါးမန်းဂိမ်းစက် လေးလုံး၊ ကုလားထိုင် ၁၈ လုံး၊ မီးစက်တစ်လုံးနှင့် ငွေစက္ကူရောရာကျပ် နှစ်သိန်းနှစ်သောင်းကျော်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေစစ်ဆေးချိန် ပိုင်ရှင်ဖြစ်သူ တရုတ်နိုင်ငံသား ဟောကွမ်ရန်နှင့် ဒေါ်သန်းရီ(စီစစ်ဆဲ) တို့နှစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ယင်းအခင်းဖြစ်နေ့ ညနေပိုင်းမှာပင် မြဝတီမြို့၊(၅)ရပ်ကွက်၊ ကျောက်ဖျာဂိတ်အနီးရှိ အဆောက်အဦတစ်ခုကို ထပ်မံရှာဖွေစစ်ဆေးခဲ့ရာ ငါးမန်းဂိမ်းလောင်းကစားစက် ၁၀ လုံးနှင့်အတူ တရုတ်နိုင်ငံသား Mr.My Yu Chhang Zhl အပါအဝင် တရုတ်နိုင်ငံသား အမျိုးသားသုံးဦးကို ဖမ်းမိခဲ့သည်။

ဖမ်းမိသူ တရုတ်နိုင်ငံသား သုံးဦးနှင့် ထွက်ပြေးလွတ်မြောက်သွားသူနှစ်ဦးတို့ကို မြဝတီမြို့မရဲစခန်းမှ လောင်းကစား ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03