News

POST TYPE

CRIME & ACCIDENT

ရည်းစားဖြစ်သူအား ဝက်အူလှည့်ဖြင့် အချက်ပေါင်းများစွာ ထိုးသတ်သွားသူကို ဖမ်းမိ
28-May-2020
ရန်ကုန်၊ မေ ၂၇

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မေလ၂၆ ရက်နေ့က ရည်းစားဖြစ်သူအား ဝက်အူလှည့်ဖြင့် ထိုးသတ်သွားသည့် ပြစ်မှုကျူးလွန်သူကို ညတွင်းချင်း ဖမ်းဆီးရမိခဲ့ကြောင်း မင်္ဂလာတောင်ညွန့် ရဲစခန်းထံမှသိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ၉၄ လမ်းရှိ တိုက်လှေကားပေါ်တွင် မေလ ၂၆ ရက်က အမျိုးသမီးတစ်ဦးကို ဝက်အူလှည့်ဖြင့် ထိုးသတ်ခဲ့ကြောင်း သတင်းအရ စုံစမ်းစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ သေဆုံးသူ၏ ရည်းစားဖြစ်ပြီး ညတွင်းချင်း ဖမ်းဆီးရမိခဲ့ကြောင်း မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ ရဲမှူးအောင်ကျော်ထူးက ပြောသည်။

"CCTV မှတ်တမ်းမှာ အဲ့တိုက်ခန်းက ထွက်သွားတဲ့ မသင်္ကာဖွယ်ရာကောင်လေးကို တွေ့တယ်။ အဲ့ဓာတ်ပုံကို မိဘတွေပြလိုက်တော့ ကောင်မလေး ရည်းစားမှန်းသိတာ။ အဲ့ကနေလိုက်ပြီး စုံစမ်းပြီး ညဘက်မှာ ဖမ်းမိတာ" ဟု ၎င်းကရှင်းပြသည်။

သေဆုံးသူအမျိုးသမီးတွင် ကိုယ်ဝန်ရှိသည့်အပေါ် သမီးရည်းစားချင်းစကားများကြရာမှ ပြစ်မှုကျူးလွန်သူမှာ စိတ်မထိန်းနိုင်ဘဲ ဝက်အူလှည့်ဖြင့်ထိုးခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု ရဲမှူးအောင်ကျော်ထူးက ပြောသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက်နေ ကိုထက်မင်းအောင်အား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းက ပုဒ်မ ၃၀၂ ဖြင့် ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက် ရှိသည်။          

J-01