News

POST TYPE

CRIME & ACCIDENT

ရဲတပ်ဖွဲ့ဝင်များအား ဓားဖြင့်ခုတ်သူကို ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်
24-May-2020
တောင်ငူ ၊ မေ ၂၄

တောင်ငူမြို့ အမှတ် ၂၁ ရက်ကွက် ဇေယျခင်ဦး ၁ လမ်းတွင်နေထိုင်သည့် အမျိုးသားတစ်ဦးသည် မေလ ၂၄ ရက်နေ့ နံနက် ၁ နာရီခွဲခန့်က လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များအား ဓားဖြင့်ခုတ်သည့်အတွက် ပုဒ်မနှစ်ခုဖြင့်အမှုဖွင့်ခဲ့သည်ဟု တောင်ငူမြို့မရဲစခန်းမှ ဒုရဲအုပ်သိန်းစိုးလင်းက ပြောကြားသည်။

“တာဝန်ကျရဲတပ်ဖွဲ့ဝင်တွေကို ဓားနဲ့ပြန်ခုတ်တာ။ လုံထွေးသတ်ပုတ်ပြီး ဖမ်းလိုက်ရတယ်”ဟု ၎င်းကပြောဆိုသည်။

လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များနှင့်နယ်မြေခံ အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် အမှတ် ၂၁ ရပ်ကွက် ဇေယျာခင်ဦး ၁ လမ်းတွင် အမျိုးသားတစ်ဦး ဓားကိုင်သောင်းကျန်းနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးဖမ်းဆီးရာ အဆိုပါ ရပ်ကွက်တွင်နေထိုင်သည့် ဦးဘိုဘို(၃၇ နှစ်)သည် အရိုးအသွား ၂၅ လက်မရှိ ငှက်ကြီးတောင်ဓားကိုင်ဆောင်ကာ အော်ဟစ်သောင်းကြမ်းနေသည့်အတွက် လက်နက်ချအဖမ်းခံရန်အမိန့်ပေးသော်လည်း အဖမ်းမခံဘဲ ရန်ပြုထိုးခုတ်သဖြင့် ရဲတပ်ဖွဲ့က လုံးထွေးသတ်ပုတ်ဖမ်းဆီးခဲ့ရသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုအမှုနှင့်ပတ်သက်၍ ဘိုဘိုဆိုသူကို တောင်ငူမြို့မရဲစခန်းမှ(ပ)၃၀၅ /၂၀ ၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၅၃/လက်နက် ဥပဒေပုဒ်မ ၁၉(င)တို့ဖြင့် အမှုဖွင့်ဖမ်းဆီးထားသည်ဟု အဆိုပါရဲစခန်းထံမှ သိရသည်။

R-02