News

POST TYPE

CRIME & ACCIDENT

အုပ်ချုပ်ရေးမှူးအား ဆဲဆိုကြိမ်းမောင်းသည့်ဇနီးမောင်နှံကို ပုဒ်မသုံးခုဖြင့် အမှုဖွင့်
23-May-2020
တောင်ငူ၊ မေ၂၃

တောင်ငူမြို့နယ် အမှတ် ၁၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးအား အမည်တပ်ဆဲဆိုကြိမ်းမောင်းခဲ့သည့် ဇနီးမောင်နှံ ပုဒ်မသုံးခုဖြင့်အမှုဖွင့်ခံထားရကြောင်း တောင်ငူမြို့မရဲစခန်းထံမှ သိရသည်။

အမှတ် ၁၈ ရပ်ကွက် ဦးသာကျော်လမ်းရှိ အိမ်တစ်အိမ်တွင် ဝက်မွေးမြူထားရာ ယင်းဝက်ခြံမှထွက်သည့် အနံ့ဆိုးများကြောင့် ကျန်းမာရေးထိခိုက်သည်ဟုတိုင်ကြားထားသည့်ကိစ္စကို သွားရောက်စစ်ဆေးသော ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အိမ်ရှင်ဇနီးမောင်နှံက ဆဲဆိုကြိမ်းမောင်ခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။  

“စည်ပင်ရယ်၊ မွေးမြူရေးဌာနကတာဝန်ရှိသူတွေနဲ့သွားစစ်တာကို ဆဲဆိုကြိမ်းမောင်းတာ။ ဖြစ်တာက မနေ့(မေ၂၂)မနက်က။ အဲဒါကြောင့် မြို့မရဲစခန်းမှာ အမှုဖွင့်လိုက်တာ”ဟု ဆဲဆိုခံရသည့် ကာယကံရှင် ဦးလှသန်းက ပြောကြားသည်။

တောင်ငူမြို့နယ် အမှတ် ၁၈ ရပ်ကွက် ဦးသာကျော်လမ်းနေ ဒေါ်လေးလေးမြင့်(၄၀နှစ်)၏အိမ်တွင် ဝက်မွေးမြူရေးလုပ်ကိုင်ရာမှ အနံ့ဆိုးများထွက်နေသည့်အတွက် ကျန်းမာရေးထိခိုက်သည်ဟုဆိုကာ ပတ်ဝန်းကျင်နေသူအချို့က တိုင်ကြားထားသည့်အတွက် မေလ၂၂ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့် မြို့နယ်အဆင့် မွေးမြူရေးနှင့်ကုသရေးဌာန ၊ စည်ပင်သာယာရေးအဖွဲနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးလှသန်းတို့ သွားရောက်စစ်ဆေးရာတွင် ဒေါ်လေးလေးမြင့်နှင့်ခင်ပွန်းဖြစ်သူ ဦးမျိုးမင်းထွန်း(ခ)ဂတုံး တို့က ခြံထဲဝင်မလာရန်နှင့် ညစ်ညမ်းသည့်စကားများဖြင့် ဆဲဆိုကြိမ်းမောင်းခဲ့သည့်အတွက် အမှုဖွင့်ခဲ့ရခြင်းဖြစ်သည် ဟု ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ယင်းအမှုနှင့်ပတ်သက်၍ ဦးမျိုးမင်းထွန်း( ခ) ဂတုံး နှင့်ဇနီးဖြစ်သူတို့ကို တောင်ငူမြို့မရဲစခန်းက(ပ) ၃၀၄/ ၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၄/၃၅၃/၅၀ဝ တို့ဖြင့် အမှုစစ်ဆေးနေသည်ဟု အဆိုပါရဲစခန်းထံမှ သိရသည်။

R-02