News

POST TYPE

CRIME & ACCIDENT

ခင်ပွန်းဖြစ်သူကို ဇနီးနှင့် ရည်းစားဟောင်းက လုပ်ကြံသတ်ဖြတ်
30-Mar-2020
ရန်ကုန်၊ မတ် ၂၉

မန္တလေးတိုင်းဒေသကြီး ယောမင်းကြီးလမ်းနှင့် ၅၉ လမ်းထောင့်တွင် မတ်လ ၂၇ ရက်နေ့က အသတ်ခံထားရသူမှာ ဇနီးဖြစ်သူနှင့် ရည်းစားဟောင်းတို့က လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

သေဆုံးသူ ကိုမြင့်သန်း (၄၀) နှစ် အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်စစ်ဆေးခဲ့ချိန်တွင် ဇနီးဖြစ်သူ မမျိုးကေသီ (၂၆) နှစ်မှာ ပွန်းပဲ့ဒဏ်ရာများတွေ့ရှိခဲ့သဖြင့် သက်သေများရှေ့တွင် ၎င်းတို့၏ ဖုန်းများကို စစ်ဆေးရာအခင်းမဖြစ်ပွားမီ မမျိုးကေသီက အခြားသူတစ်ဦးနှင့် သံသယဖြစ်ဖွယ် ဖုန်းခေါ်ဆိုထားမှုကို လူမှုကွန်ရက် (Messenger)တွင် စစ်ဆေးတွေ့ရှိခဲ့သည်။

မမျိုးကေသီ၏ ထွက်ဆိုချက်အရ ဖုန်းအဆက်အသွယ်ပြုလုပ်သူမှာ အလုပ်အတူလုပ်ကိုင်ဖူးသူ ကိုကျော်မင်းထွန်း (၂၀)နှစ် နှင့် လူမှုကွန်ရက်တွင် ပြောဆိုခဲ့သူမှာ ရဲဇာနည်ဦး (ခ) ဇာနည် (၂၉)နှစ်ဖြစ်ပြီး ၎င်းတို့ ၂ ဦးက သတ်သွားခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အမှုသံယရှိသူနှစ်ဦးကို အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်ရှိ ကိုကျော်မင်းထွန်း၏ အဒေါ်ဖြစ်သူနေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး သေဆုံးသူ၏ ရွှေဆွဲကြိုးပြတ် တစ်ကုံးကိုလည်း တွေ့ရှိသိမ်းဆည်းခဲ့သည်။

ကိုကျော်မင်းထွန်းနှင့် ရဲဇာနည်တို့ကို ဆက်လက်စစ်ဆေးရာ သေဆုံးသူ ကိုမြင့်သန်းအား ဇနီးဖြစ်သူ မမျိုးကေသီမှ အသင့်ယူလာသော ကြက်သွန်လှီးဓားဖြင့် ကိုကျော်မင်းထွန်းကို ထိုးသတ်ခိုင်းခြင်းဖြစ်ပြီး သေလုမြောပါးဖြစ်နေစဉ် မြောင်းထဲသို့ နှစ်ယောက်မကာ ပစ်ချထွက်ပြေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ယင်းအမှုကို စက်မှုနယ်မြေ ရဲစခန်းတွင် (ပ)၁၀၉/၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။