News

POST TYPE

CRIME & ACCIDENT

တစ်သောင်းကျပ်တန်ငွေစက္ကူအတုများဖြင့် ငွေလွှဲသည့် အမျိုးသားခြောက်ဦးကို ဖမ်းမိ
28-Mar-2020
ရန်ကုန်၊ မတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ဂျိုဝါကြံခင်းကျေးရွာရှိ Wave Money ဆိုင်တွင် တစ်သောင်းကျပ်တန် ငွေစက္ကူအတုများဖြင့် ငွေလွှဲသော အမျိုးသား ခြောက်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းမိသူ ခြောက်ဦးမှာ မတ် ၂၆ ရက် နံနက်အစောပိုင်းက ဂျိုဝါကြံခင်းကျေးရွာရှိ Wave Money ဆိုင်သို့ ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး တစ်သောင်းကျပ်တန် ငွေစက္ကူအတုများဖြင့် ငွေလွှဲနေကြောင်း သတင်းရရှိသောကြောင့် သွားရောက်ဖမ်းဆီးစစ်ဆေးခဲ့သည်။

ယင်းသို့ ဖမ်းဆီးစစ်ဆေးရှာဖွေရာ ယင်းအမျိုးသားခြောက်ဦးထံမှ တစ်သောင်းကျပ်တန်ငွေစက္ကူအတု ၁၃၀ ရွက်နှင့်အတူ မြန်မာငွေကျပ် သုံးသိန်းခြောက်သိန်းကျော်ကို သိမ်းဆည်းရမိခဲ့ပြီး ထပ်မံစစ်ဆေးရာ ၎င်းတို့အဖွဲ့မှ ဖျာပုံမြို့နယ်ရှိ ကျေးရွာသုံးရွာတွင်ရှိသော Wave Money ဆိုင်သုံးဆိုင်တွင် တစ်သောင်းကျပ်တန် ငွေစက္ကူအတုများဖြင့် ကျပ် ၁၇ သိန်းအား ငွေလွှဲခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အဆိုပါ ငွေစက္ကူအတုများနှင့်အတူဖမ်းမိသော အမျိုးသားခြောက်ဦးကို ဖျာပုံမြို့မရဲစခန်းမှ (ပ) ၁၇၁/၂၀၂၀ ၊ နိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်အရေးယူ၍ ကျန်အမှုကွင်းဆက်တရားခံများကို ထပ်မံဖော်ထုတ်ဖမ်းဆီးနိုင်ရန် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03