News

POST TYPE

CRIME & ACCIDENT

ဓနုဖြူမြို့နယ်တွင် တရားလွှတ်တော်ရှေ့နေနှင့် မြို့နယ်တရားရုံး အငယ်တန်းစာရေးကို အဂတိအမှုဖြင့် အရေးယူ
25-Mar-2020
ရန်ကုန်၊ မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်ရှိ တရားလွှတ်တော်ရှေ့နေ ဦးကောင်းမြတ်ထက်နိုင်နှင့် မြို့နယ်တရားရုံးမှ အငယ် တန်းစာရေးဖြစ်သူ ဒေါ်တင်တင်ရွှေတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့် အရေးယူထားကြောင်း မတ် ၂၄ ရက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံမှ သတင်းထုတ်ပြန်ခဲ့သည်။

အမှုဖွင့် အရေးယူခံရသူနှစ်ဦးမှ တရားလွှတ်တော်ရှေ့နေ ဦးကောင်းမြတ်ထက်နိုင်မှာ ဓနုဖြူမြို့နယ် တရားရုံးရှိ ရာဇဝတ်ကြီးအမှတ် ၂၅၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၂၇ အမှုနှင့်စပ်လျဉ်း၍ အမှုသည်ကိုယ်စား တရားရုံးရှေ့ အမှုလိုက်ပါဆောင်ရွက်ရာတွင် မြို့နယ်တရားသူကြီးကို တံစိုးလက်ဆောင်အဖြစ် ပေးအပ်ရန် အမှုသည်ထံမှ ကျပ်ငွေငါးသိန်းကို တောင်းယူခဲ့သည်။

ယင်းအပြင် အဆိုပါမြို့နယ်တရားရုံးမှ အငယ်တန်းစာရေးဖြစ်သူ ဒေါ်တင်တင်ရွှေက အမှုသည်ကို တရားသူကြီးက တရားသေလွှတ်ပေးရန်အတွက် ငွေကြေးကန်တော့ရန်တိုက်တွန်းခဲ့ပြီး ငွေကြေးတောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အဆိုပါအမှုအား စစ်ဆေးပေါ်ပေါက်ချက်အရ တရားလွှတ်တော်ရှေ့နေ ဦးကောင်းမြတ်ထက်နိုင်နှင့် မြို့နယ်တရားရုံးမှ အငယ်တန်းစာရေးဖြစ်သူ ဒေါ်တင်တင်ရွှေတို့ နှစ်ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ အမှုဖွင့်အရေးယူထားပြီး တရားစွဲဆို အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။

S-03