News

POST TYPE

CRIME & ACCIDENT

မူဆယ်တွင် တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသား ၇ ဦးကို လက်နက်ခဲယမ်းများနှင့် ဖမ်းဆီးရမိ
20-Mar-2020


ရန်ကုန်၊ မတ် ၁၉

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသား ၇ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ မန်ဝိန်းနယ်မြေရှိ မင်းခန့် (ဘ) ဦးအောင်ထွန်း၏ နေအိမ်၌ မတ်လ ၁၈ ရက်နေ့က ခိုက်ရန်ဖြစ်ပွားနေသည်ဟု တိုင်ကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာတွင် အဆိုပါ တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသား ၇ ဦးကို လက်နက်ခဲယမ်းများနှင့် အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသား ၇ ဦးကို SIGSAUER အမျိုးအစား ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည်အိမ်တစ်ခု၊ ၉ မမ ကျည် ၁၆ တောင့်၊ M-၂၂ မောင်းပြန် ရိုင်ဖယ် (၄၀ မမ ဗုံးပစ်လောင်ချာတွဲလျက်) သေနတ်တစ်လက်၊ ၎င်းကျည် ၄၅ တောင့်၊ ကျည်အိမ်နှစ်ခု၊ CTG တံဆိပ်ပါ ၄၀ မမ ဗုံးသီး ၁၀ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ယင်းဖမ်းဆီးရမိသူများကို တပ်မတော်က မူဆယ်မြို့မ ရဲစခန်းထံသို့ လွှဲပြောင်းအပ်နှံခဲ့ပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

S-04