News

POST TYPE

CRIME & ACCIDENT

ရဲယူနီဖောင်းဝတ်ထားသည့် တပ်မတော်သားတစ်ဦး ဆိုင်ကယ်မှောက် သေဆုံး
17-Mar-2020
တောင်ငူ၊ မတ် ၁၆

ပဲခူးတိုင်း ရေတာရှည်မြို့နယ် သာဂရမြို့ သာဂရ-ကိုးပင် ကားလမ်းပေါ်တွင် မတ်လ ၁၆ ရက် နံနက် ၅ နာရီခန့်က ရဲတပ်ဖွဲ့ယူနီဖောင်း ဝတ်ဆင်ထားသည့် တပ်မတော်သားတစ်ဦး ဆိုင်ကယ်တိမ်းမှောက်ကာ သေဆုံးခဲ့ပြီး ဆိုင်ကယ်နောက်မှ လိုက်ပါလာသူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သာဂရနယ်မြေ ရဲစခန်းထံမှ သိရသည်။

“အခင်းမဖြစ်မီညက မြို့လှကိုအလာ သူငယ်ချင်းဖြစ်တဲ့ ရဲတပ်ဖွဲ့ဝင်တစ်ယောက်ရဲ့ဆိုင်ကယ်ငှားလာတာပါ။ တပ်ကခေါ်လို့ အသွားမှာ ဆိုင်ကယ်မှာ ပါလာတဲ့အင်္ကျီကို ယူဝတ်လာတဲ့သဘောပါ။ ဆိုင်ကယ်မှောက်ချိန် တပ်သားဖြိုးဝေဦး သေဆုံးခဲ့တာ” ဟု  သာဂရနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါနေ့ နံနက်က အမှတ်၂၀၂၉ လေကြောင်းရန် ကာကွယ်ရေးတပ်မှ တပ်သားအဆင့်ရှိ ဖြိုးဝေဦး မောင်းနှင်ပြီး နောက်မှ တပ်သားနောင်နောင် လိုက်ပါလာသည့်ဆိုင်ကယ်သည် သာဂရ-ကိုးပင် ကားလမ်းအတိုင်း မောင်းနှင်လာစဉ် မိုင်တိုင် ၁/၆ ဖာလုံအနီးတွင် အရှိန်လွန်ကာ လမ်းဘေးတွင် ကာရံထားသည့်တိုင်ကို ဝင်တိုက်မိကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သာဂရနယ်မြေရဲစခန်းထံမှ  စုံစမ်းသိရှိရသည်။

ယင်းအမှုနှင့်ပတ်သက်၍ တပ်သား ဖြိုးဝေဦးကို သာဂရနယ်မြေရဲစခန်းက ယာဉ်(ပ) ၅/၂၀၂၀ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၄-က/၃၃၇ ဖြင့် အမှုဖွင့်ထားသည်ဟု အဆိုပါရဲစခန်းထံမှ သိရသည်။ 

R-15