News

POST TYPE

CRIME & ACCIDENT

ပုသိမ်တွင် ညအချိန်မတော် အုပ်စုဖွဲ့၍ တုတ် ၊ဓားကိုင်ဆောင်သွားလာသည့် လူငယ် ရှစ်ဦးကို ဖမ်းဆီး
15-Mar-2020


ပုသိမ် ၊မတ် ၁၅

ဧရာဝတီတိုင်း ပုသိမ်မြို့အမှတ် ၁၃ ရပ်ကွက်အတွင်း ညအချိန်များ၌ ဓားရှည်နှင့်တုတ်များကိုင်ဆောင်ကာ အုပ်စုဖွဲ့သွားလာနေသည့် လူငယ်ရှစ်ဦးကို ပုသိမ်မြို့မရဲစခန်းမှ မတ်လ ၁၄ ရက်နေ့က ဖမ်းဆီးအရေးယူခဲ့ကြောင်း ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။



ယင်းရပ်ကွက်အတွင်း ရဲတပ်ဖွဲ့မှလှည့်ကင်းဆောင်ရွက်နေစဉ် ရပ်ကွက်နေပြည်သူအချို့မှ လူငယ်ရှစ်ဦး အမှောင်ထဲတွင် ဓားရှည်များ၊ တုတ်များကိုင်ဆောင်ကာ အုပ်စုဖွဲ့သွားလာနေကြောင်း အကြောင်းကြားလာသဖြင့် လှည့်ကင်းဆောင်ရွက်နေသည့် အဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲတပ်ဖွဲ့မှူး ရဲမှူးထင်အောင်လင်းက ပြောကြားသည်။

"သတင်းပေးလာလို့ သွားစစ်တဲ့အချိန်မှာ နှစ်ယောက်က ဓားရှည်နှစ်ချောင်းနဲ့ အဆင်သင့်တွေ့လို့ ဖမ်းဆီးလိုက်တာပါ။ တခြားနေရာမှာ ဒီလိုတွေ့ရင်လည်း ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ဆီအကြောင်းကြားပေးပါ။ ကျွန်တော်တို့ အချိန်မီလာဖမ်းဆီးပေးပါ့မယ်"ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ဖမ်းဆီးခဲ့သူရှစ်ဦးအနက် အသက် ၁၈ နှစ်မပြည့်သေးသည့် လူငယ်တစ်ဦးကို ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးခဲ့ပြီး ကျော်သူရ (ခ) ကျီးကန်း အပါအဝင် ဓားရှည်ကိုင်ဆောင်ထားသူ လူငယ်နှစ်ဦးကို လက်နက်ပုဒ်မ ၁၉(င) ဖြင့်လည်းကောင်း၊ အခြားလူငယ် ငါးဦးကို မှောင်ရိပ်ခိုမှု ရဲအက်ဥပဒေ ပုဒ်မ ၃၅ (ဃ)ဖြင့်လည်းကောင်း ပုသိမ်မြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေးနေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-04