News

POST TYPE

CRIME & ACCIDENT

ဓနုဖြူတွင် ခွေးကိုက်ခံရသူတစ်ဦး သွေးထွက်လွန်ကာသေဆုံး ၊ ခွေးပိုင်ရှင်ကို အမှုဖွင့်
14-Mar-2020
ပုသိမ် ၊ မတ်လ ၁၄

ဧရာဝတီတိုင်း ဓနုဖြူမြို့နယ် အလမျိုးကျေးရွာအုပ်စု တောင်စုပိုင်းရွာတွင် လူတစ်ဦးခွေးကိုက်ခံရပြီး သွေးထွက်လွန်ကာ သေဆုံးသွားသဖြင့် ခွေးပိုင်ရှင်ကို အမှုဖွင့်အရေးယူထားသည်ဟု ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မတ်လ ၁၃ ရက်နေ့က အသက် ၄၉ နှစ်အရွယ် ဦးမောင်မောင်ဦးကို ၎င်း၏ ဦးလေးတော်စပ်သောသူပိုင်သောခွေးက ကိုက်လိုက်သဖြင့် သွေးထွက်လွန်ကာ သေဆုံးသွားခဲ့၍ ခွေးပိုင်ရှင်ဖြစ်သည့် အသက် ၆၂ နှစ်အရွယ် ဦးတင်ကြည်ကို ရဲတပ်ဖွဲ့က အရေးယူထားခြင်းဖြစ်သည်။

ခြေထောက် တံကောက်ကွေးတွင် ခွေးကိုက်ထားသည့်ဒဏ်ရာဖြင့် သွေးထွက်ကာ ခွေးပိုင်ရှင်ဦးတင်ကြည်၏အိမ်ရှေ့တွင် လဲနေသည်ကိုတွေ့ရှိရာမှ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း သေဆုံးသူ၏ညီဖြစ်သူ ဦးသိန်းဆင့်က ပြောကြားသည်။

သေဆုံးသူ၏ညီဖြစ်သူ ဦးသိန်းဆင့်၏တိုင်ကြားချက်အရ အန္တရာယ်ဖြစ်သောတိရိစ္ဆာန်ကို ပေါ့လျော့စွာလွတ်ထားရာမှ လူကို ဒဏ်ရာရစေပြီး အသက်သေစေခဲ့သဖြင့် ဦးတင်ကြည်ကို ဓနုဖြူမြို့မရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၀၄- (က) ဖြင့် အမှုဖွင့်  ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။ 

R-04