News

POST TYPE

CRIME & ACCIDENT

မြောင်းမြတွင် ကူးတို့စက်လှေတစ်စင်းနစ်မြုပ် ၊ အမျိုးသမီးသုံးဦးသေဆုံးကာ ကလေးနှစ်ဦးပျောက်ဆုံး
09-Mar-2020


ပုသိမ် ၊ မတ် ၈

ဧရာဝတီတိုင်း မြောင်းမြမြို့နယ် မြို့ဟောင်းချောင်းအတွင်း ဖြတ်သန်းမောင်းနှင်လာသည့် ကူးတို့စက်လှေတစ်စင်း မတ်လ ၇ ရက်နေ့က နစ်မြုပ်ခဲ့ရာ အမျိုးသမီးသုံးဦးသေဆုံးခဲ့ပြီး ကလေးနှစ်ဦးမှာ မတ်လ ၈ ရက်နေ့မွန်းလွဲပိုင်းအထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း မြောင်းမြ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

အသက် ၄၉ နှစ်ရှိ ဒေါ်သင်းသင်းသွယ်၊ အသက် ၄၀ နှစ်ရှိ ဒေါ်နန့်ငယ်ငယ် နှင့် အသက် ၁၃ နှစ်ရှိ နန့်ချောကလျာတို့ကို ချောင်းအတွင်း သေဆုံးလျက်ပြန်တွေ့ရှိပြီး အသက် ၈ နှစ်ရှိ မောင်သူရအောင်နှင့် အသက် ၄ နှစ်ရှိ မောင်လင်းထက်ကျော်တို့  ပျောက်ဆုံးနေဆဲဖြစ်ကြောင်း မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးခိုင်က ပြောကြားသည်။

"ခရီးသည် ၂၇ ဦးလိုက်ပါလာတဲ့စက်လှေကို အရှိန်ပြင်းပြင်းနဲ့ မောင်းလာရာက စက်လှေဦးပိုင်းကနေ ဝမ်းထဲကို ရေဝင်လာပြီး နစ်မြုပ်သွားတာလို့ မျက်မြင်တွေ့သူတွေကပြောတယ်၊ ပျောက်ဆုံးနေတဲ့ ကလေးနှစ်ဦးကိုတော့ မီးသတ်တပ်ဖွဲ့နဲ့ ဒေသခံတွေ ပူးပေါင်းရှာဖွေနေဆဲပါ" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ရေငန်ကျေးရွာအုပ်စု ဘုရားကြီးကုန်းကျေးရွာဆိပ်ကမ်းမှ ြွကက်နွယ်ချောင်းကျေးရွာ အနောက်စုဆိပ်ကမ်းသို့ အသက် ၆၈ နှစ်ရှိ မန်းသာအေး (ခ) မန်းစပေါ် ပိုင်ဆိုင်ပြီး ၎င်းကိုယ်တိုင် မောင်းနှင်လာစဉ် နစ်မြုပ်ခြင်းဖြစ်ကြောင်း၊ စက်လှေမှာ အလျား ၂၁ ပေ ၊  အနံ ၄ ပေ၊ ရေစူးဇောက် ၁ ပေခွဲခန့်ရှိ သစ်သားစက်လှေ 'ဂေါ်' အမျိုးအစားဖြစ်ကာ မြင်းကောင်ရေ ၇ ဒသမ ၅ ဟွန်ဒါစက် တပ်ဆင်ထားကြောင်း မြောင်းမြမြို့ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

သေဆုံးသူနှင့် ပျောက်ဆုံးသူတို့မှာ မြောင်းမြမြို့နယ် ပျဉ်ပုံကျေးရွာအုပ်စု ကျောင်းစုကျေးရွာမှဖြစ်ပြီး အသေးစိတ်ကို အတည်ပြုနိုင်ရန် စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

လက်ရှိတွင် ကူးတို့စက်လှေမောင်းနှင်သူ အသက် ၆၈ နှစ်ရှိ မန်းသာအေး (ခ) မန်းစပေါ်ကို မြောင်းမြမြို့မရဲစခန်းက  ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ (က) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-04