News

POST TYPE

CRIME & ACCIDENT

၁၂ နှစ်မိန်းကလေးက သုံးနှစ်ကလေးကို ခိုးယူ
15-Nov-2016

မန္တလေး၊ နိုဝင်ဘာ ၁၅

မန္တလေးမြို့တော်ရှိ မဟာအောင်မြေမြို့နယ်အတွင်း နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၁ဝ နာရီခန့်က ၁၂ နှစ်ခန့် အရွယ်ရှိ မိန်းကလေး တစ်ဦးက သုံးနှစ်အရွယ် ကလေးငယ် (ယောက်ျားလေး) တစ်ဦးကို ခိုးယူခဲ့ကြောင်း မဟာအောင်မြေ ကျောက်ဝိုင်းအနီး မျက်မြင် တွေ့ရှိသူများထံမှ သိရသည်။

“ကောင်မလေးက ပလတ်စတစ် ကောက်တာလို့ သိရတယ်၊ လမ်းပေါ်မှာ ကစားနေတဲ့ သုံးနှစ်အရွယ် ကလေးကို ချော့ခေါ်လာပြီး သုံးပြလောက် ရောက်တော့ ပီနံအိတ်ထဲ ထည့်ဖို့ လုပ်နေတာ။  ပတ်ဝန်းကျင်က လူတွေက အချိန်မီ တားဆီးနိုင်ခဲ့တာ”ဟု ရတနာဘုမ္မိ အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသက်ထွန်းဦးက ပြောကြားသည်။

သုံးနှစ်အရွယ် ကလေးငယ်၏ မိဘများက လူငယ် တစ်ဦးကို မူကြိုပို့ခိုင်းထားရာတွင် ကလေးငယ် ဆော့ကစားနေချိန်တွင် ယင်းသို့ ခေါ်ဆောင်ခံရခြင်းဖြစ်ကြောင်း ကျောက်ဝိုင်းအနီး နေထိုင်သည့် ဒေသခံ တစ်ဦးက ရှင်းပြသည်။

သုံးနှစ်အရွယ် ကလေးငယ်ကို ခေါ်ဆောင်ခဲ့သည့် မိန်းကလေးသည် အသက် ၁၂ နှစ်အောက်သာ ရှိသေးသည့်အတွက် ရဲတပ်ဖွဲ့အနေနှင့် ဖမ်းဆီးချုပ်ထားခွင့် မရှိ၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနသို့ ပို့ဆောင်ခဲ့ပြီး ယင်းဌာနက စောင့်ရှောက် ပေးထားကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး တပ်ဖွဲ့ခွဲ (မန္တလေး) မှ တပ်ဖွဲ့မှူး ရဲမှူး ဖေသိန်းကျော်က ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အမှုဖွင့် စစ်ဆေးမည် ဖြစ်သော်လည်း နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၆ နာရီခန့် အချိန်အထိ အမှု မဖွင့်ရသေးကြောင်း အမှတ် ၇ နယ်မြေ ရဲစခန်းထံမှ သိရသည်။

  • VIA