News

POST TYPE

CRIME & ACCIDENT

ဘတ်ငွေ အတုပြုလုပ်သည်ဟု ဆိုသူများကို ဖမ်းဆီး
15-Nov-2016

မြဝတီ၊ နိုဝင်ဘာ ၁၄

ကရင်ပြည်နယ် မြဝတီမြို့၌ ထိုင်းနိုင်ငံသုံး ဘတ်ငွေစက္ကူ အတုပြုလုပ်သည်ဟု ဆိုသူများကို မြဝတီမြို့၌ နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း မြဝတီ မြို့မရဲစခန်းထံမှ သိရသည်။

ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သက်သေများ၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက မြဝတီမြို့ အမှတ် (၂) ရပ်ကွက် သဲပုံဂိတ်အနီး လှည့်ကင်းဆောင်ရွက်နေစဉ် နိုဝင်ဘာ ၁၄ ရက် နံနက် ၃ နာရီ ၁၅ မိနစ်က မသင်္ကာဖွယ် တွေ့ရှိသူ အောင်လင်းစိုး(ခ)ကျော်ကျော် (အသက် ၂၇ နှစ်) (ဘ) ဦးသာထွန်းအား တွေ့ရှိ၍ သက်သေများရှေ့တွင် ရှာဖွေရာ ၎င်းလွယ်ထားသော YMG TEAM အမှတ်တံဆိပ်ပါ အနီရောင် ကျောပိုးအိတ်အတွင်းမှ ငွေစက္ကူအတုဟု ယူဆရသော ထိုင်းနိုင်ငံသုံး ဘတ်ငွေ ၁၀၀၀ တန် (ခန့်မှန်းတန်ဖိုး - ဘတ်တစ်ထောင်လျှင် မြန်မာငွေ သုံးသောင်းခြောက်ထောင်ကျပ်နှုန်း)၊ နံပါတ်တူ 4G 6027079 နံပါတ်ပါ ၁၁ ရွက်ကို ရှာဖွေတွေ့ရှိသဖြင့် သက်သေများရှေ့တွင် သိမ်းဆည်းခဲ့သည်။

ဆက်လက်ပြီး သိမ်းဆည်းရမိသော ငွေစက္ကူအတုဟု ယူဆရသော ထိုင်းဘတ်ငွေ ၁၀၀၀ တန် ၁၁ ရွက်နှင့် ပတ်သက်၍ အောင်လင်းစိုး(ခ)ကျော်ကျော်အား စစ်ဆေးမေးမြန်းရာ ၎င်းသည် ရခိုင်ပြည်နယ်ရှိ ချစ်ပုံမရွာတွင် နေထိုင်သူဖြစ်ပြီး မြဝတီမြို့နေ ဦးဘသိန်းအောင် ဆိုသူက ငွေစက္ကူအတု ပြုလုပ်ရန် ခေါ်ဆောင်သဖြင့် လွန်ခဲ့သော တစ်လခန့်မှစ၍ မြဝတီမြို့သို့ လာရောက်ပြီး အမှတ်(၁)ရပ်ကွက် ကံကော်လမ်းတွင် နေထိုင်သူ ဦးအေးကျော်၏ နေအိမ်၌ ရောက်ရှိနေထိုင်ခဲ့ကြောင်း၊ နိုဝင်ဘာ ၁၃ ရက် ညနေ ၅ နာရီတွင် ဦးအေးကျော်၏ နေအိမ် ဒုတိယထပ်တွင် နေထိုင်သူ ဦးဘသိန်းအောင်နှင့်အတူ ထိုင်းနိုင်ငံသုံး ဘတ်ငွေ ၁၀၀၀ တန်များကို A4 စာရွက်တစ်ရွက်လျှင် ဘတ် (၁၀၀၀) တန်အတု သုံးရွက်နှုန်း၊ စုစုပေါင်း A4 လေးရွက် ထုတ်ပေးခဲ့ပြီး ဦးဘသိန်းအောင်အား ကူညီလုပ်ကိုင်ပေးခဲ့ကြောင်း၊ နိုဝင်ဘာ ၁၄ ရက် နံနက် ၂ နာရီ ၁၅ မိနစ်ခန့်တွင် ပိုက်ဆံသုံးစရာ မရှိသဖြင့် ဦးဘသိန်းအောင် အိပ်သည့် ကုတင်ခြေရင်းအနီးမှ အတုပြုလုပ်ထားသည့် ထိုင်းနိုင်ငံသုံး ဘတ်ငွေ ၁၀၀၀ တန် A4 လေးရွက်အား ကတ်ကြေးဖြင့် ညှပ်၍ ခိုးယူခဲ့ရာတွင် ဘတ်တစ်ထောင်တန် တစ်ရွက်မှာ ပျက်စီးသွားသဖြင့် ကျန်ငွေဘတ်တစ်ထောင်တန် ၁၁ ရွက်ကို ယူဆောင်ကာ နေအိမ်အပြင်သို့ ထွက်လာပြီး လမ်းလျှောက်လာစဉ် အမှတ် (၂) ရပ်ကွက် သဲပုံဂိတ်အနီးအရောက် ပူးပေါင်းအဖွဲ့၏ ရှာဖွေစစ်ဆေး ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု ဝန်ခံထွက်ဆိုခဲ့သည်။

ပူးပေါင်းအဖွဲ့က အောင်လင်းစိုး(ခ)ကျော်ကျော်၏ အစစ်ခံထွက်ဆိုချက်အရ နိုဝင်ဘာ ၁၄ ရက် နံနက်  နာရီခွဲတွင် အမှတ် (၁) ရပ်ကွက်နေ ဦးအေးကျော် နေအိမ်သို့ သွားရောက်၍ ထိုင်းနိုင်ငံသုံး ဘတ်ငွေ ၁၀၀၀ တန် အတုပြုလုပ်သူ ဦးဘသိန်းအောင်အား သွားရောက် ရှာဖွေဖမ်းဆီးစစ်ဆေးရာ နေအိမ်ဒုတိယအထပ်၌ ငွေစက္ကူအတု ပြုလုပ်သည့် ကွန်ပျူတာအား ရိုက်နှိပ်နေသည့် ဦးဘသိန်းအောင်နှင့် ဦးအေးကျော်တို့ နှစ်ဦးကို တွေ့ရှိသဖြင့် ရဲအုပ်သက်ဦးမှ ရှာဖွေပုံစံဖြင့် ရေးသွင်းသိမ်းဆည်းခဲ့ကြောင်း မြဝတီ မြို့မရဲစခန်းထံမှ သိရသည်။

သို့ဖြစ်၍ ထိုင်းနိုင်ငံသုံး ငွေစက္ကူ ၁၀၀၀ တန်အတု ၁၁ ရွက်နှင့်အတူ ဖမ်းဆီးရမိသူ အောင်လင်းစိုး(ခ) ကျော်ကျော်၊ ငွေစက္ကူအတု ပြုလုပ်သည်ဟု ဆိုသူ ဦးဘသိန်းအောင်နှင့် အိမ်ရှင်ဖြစ်သူ ဦးအေးကျော်တို့ သုံးဦးအား မြဝတီ မြို့မရဲစခန်းက (ပ) ၅၆၅/၂၀၁၆ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၈၉-က/ခ/ဂ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဓာတ်ပုံ - မြတ်ကို (ဒေါနမြေ)