News

POST TYPE

CRIME & ACCIDENT

သုခလမ်းတွင် လူမြင်ကွင်း၌ အမျိုးသားတစ်ဦး ရိုက်သတ်ခံရ
29-Jul-2016 tagged as သုခ

ရန်ကုန်၊ ဇူလိုင် ၂၈ 

လှိုင်မြို့နယ် (၆) ရပ်ကွက် သုခလမ်းနှင့် ၅၁ လမ်းထောင့်ရှိ မုန့်ဟင်းခါးဆိုင်တွင် ဇူလိုင်လ ၂၈ ရက် နံနက် ၆ နာရီက စိတ်ဖောက်ပြန်နေသော အမျိုးသားတစ်ဦးက အသက် ၆၂ နှစ်အရွယ် အမျိုးသားကို ဝါးတုတ်ဖြင့် ရိုက်သတ်ခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ 

အဆိုပါ ရိုက်သတ်ခံရသူမှာ သုခလမ်းရှိ သုံးလွှာတိုက်ခန်း တစ်ခန်းတွင် နေထိုင်သော အငှားယာဉ်မောင်းတစ်ဦး ဖြစ်ပြီး ယင်းနေ့က အလုပ်သွားရန် နေအိမ်မှ အပြင်ထွက်လာစဉ် အသက် ၃၅ နှစ်အရွယ် စိတ်ဝေဒနာသည် ဦးအောင်ကျော်ဦး (ခ) ကိုဖြိုးက မီးချောင်းကွဲဖြင့် ၎င်း၏ လည်ပင်းကိုထိုး၍ ဝါးတုတ်ဖြင့် ရိုက် တ်ခဲ့ကြောင်း လှိုင်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“သေဆုံးသူက အလုပ်သွားဖို့ နေအိမ်ပေါ်က ဆင်းလာပြီး တိုက်လှေကား တံခါးသော့ခတ်နေချိန် ပြစ်မှုကျူးလွန်သူက နောက်ကနေ လည်ပင်းကို မီးချောင်းကွဲနဲ့ ထိုးခဲ့တယ်၊ လည်ပင်းဒဏ်ရာနဲ့ အနီးက မုန့်ဟင်းခါးဆိုင်ထဲ ဝင်ပြေးလာပြီး လဲကျချိန် ပြစ်မှုကျူးလွန်သူက ဝါးတုတ်နဲ့ ဆိုင်ထဲ ဝင်ရိုက်သတ်ခဲ့တာ” ဟု အခင်းဖြစ်စဉ် မျက်မြင်တွေ့ရှိခဲ့သော သုခလမ်းတွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောကြားသည်။

ယင်းလူသတ်မှု ကျူးလွန်ခဲ့သော အမျိုးသားမှာ အမှတ် (၆) ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ သားဖြစ်ပြီး စိတ်ဝေဒနာသည်တစ်ဦး ဖြစ်ကြောင်း၊ ယခင်စိတ်ဖောက်ပြန်သည့် အချိန်များက သေဆုံးသူကို ၎င်းက အုတ်ခဲကျိုးဖြင့် တစ်ကြိမ်၊ ဘီယာပုလင်းခွံဖြင့် တစ်ကြိမ် ရိုက်နှက်ရန်ပြုခဲ့ပြီး အုပ်ထိန်းသူများ၏ တောင်းပန်မှုကြောင့် သေဆုံးသူဘက်က ရဲစခန်းတွင် အမှုဖွင့် မတိုင်ကြားခဲ့ကြောင်း ယင်းရပ်ကွက်နေသူများထံမှ စုံစမ်းသိရှိရသည်။

“တကယ်ဆို ပြစ်မှုကျူးလွန်ခဲ့သူကို မိသားစုဝင်တွေက စိတ်ကျန်းမာရေးဆေးရုံ ပို့ထားသင့်တယ်၊  သူ့မှာ ဇနီးနဲ့ ကလေး ရှိပေမယ့် စိတ်ဖောက်ပြန်နေလို့ ဇနီးဖြစ်သူက သူနဲ့ မပေါင်းတော့ဘူး၊ ရပ်ကွက်ထဲက လူတွေဆို သူလာရင် သတိထား ကြည့်နေရတယ်၊ ဒီမနက် လူမြင်ကွင်းမှာ အမျိုးသားကို တုတ်နဲ့ ရိုက်သတ်နေချိန် ဖအေဖြစ်သူ လာဆွဲတာတောင် မရဘူး၊ သူ့ကို ဆွဲတဲ့လူ သတ်ပစ်မယ် ပြောနေတာကြောင့် ဘယ်သူမှ ဝင်မဆွဲရဲကြဘူး” ဟု အခင်းဖြစ်စဉ် မျက်မြင်တွေ့ခဲ့သော အမျိုးသားတစ်ဦးက ပြောကြားသည်။

ပြစ်မှုကျူးလွန်ခဲ့သော အမျိုးသားမှာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက စိတ်ဖောက်ပြန်ပြီး သေဆုံးခဲ့သူကို သက်ခိုင်ဟု မှားယွင်းခေါ်ဆိုကာ ဦးခေါင်းကို အုတ်ခဲဖြင့် ထုခဲ့ကြောင်း၊ ယင်းနောက် သေဆုံးသူ အငှားယာဉ်မောင်း၍ နေအိမ်ပြန်လာစဉ် ဘီယာပုလင်းခွံဖြင့် လိုက်လံထုရိုက်ခဲ့ပြီး အုပ်ထိန်းသူများ၏ တောင်းပန်မှုကြောင့် ယင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကျေအေးခဲ့ကြောင်း အမှတ် (၆) ရပ်ကွက်တွင် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။ 

လူမြင်ကွင်းတွင် အမျိုးသားတစ်ဦးကို စိတ်ဖောက်ပြန်ပြီး ဝါးတုတ်ဖြင့် ရိုက်သတ်ခဲ့သော အမျိုးသားကို လှိုင်မြို့မ ရဲစခန်းက (ပ) ၇၀၃/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။