News

POST TYPE

CRIME & ACCIDENT

လေးနှစ်အရွယ် ကလေးငယ် ဧရာဝတီမြစ်ထဲမျောပါ
13-Nov-2016

တောင်ငူ၊ နိုဝင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ကျောင်းကြီးအိုးတန်းရပ် ဆိပ်ခံဘောတံတားအနီး ယနေ့ (နိုဝင်ဘာ ၁၃ ရက်) မွန်းတည့် ၁၂ နာရီခန့်က အသက် လေးနှစ်ခန့်အရွယ် ကလေးငယ် တစ်ဦး ဧရာဝတီမြစ်ထဲ မျောပါ ပျောက်ဆုံးနေကြောင်း ပြည်မြို့ အမှတ်(၁) နယ်မြေ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“လက်ရှိ အချိန်ထိတော့ ရှာဖွေနေဆဲပါပဲ။ ကလေးက အဖော်တွေနဲ့အတူ ဆိပ်ခံဘောတံတားမှာ ခြေထောက် ရေလာဆေးကြရင်း မြစ်ထဲ ပြုတ်ကျတာပါ”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

မြစ်ထဲ မျောပါခဲ့သည့် ကလေးငယ်မှာ ပြည်မြို့ငါးရွာအုပ်စု တောင်ကုန်းကျေးရွာနေ မောင်အောင်မြင့်မြတ်(ခ) တရုတ်ကြီး ဆိုသူဖြစ်ပြီး နံနက်ပိုင်းက အသက် ၁၂ နှစ်မှ ၁၄ နှစ်အရွယ်ကြားရှိ မောင်နှမ ငါးဦးနှင့်အတူ ဆိပ်ခံဘောတံတာအနီးရှိ ပန်းခြံတစ်ခုတွင် ဆော့ကစားနေကြရာမှ ခြေထောက် ရွံ့ပေနေ၍ အဖော်များနှင့် ခြေထောက် ရေဆေးရန် လာရောက်စဉ် မြစ်ထဲ ပြုတ်ကျခဲ့ရခြင်း ဖြစ်သည်ဟု ပြည်မြို့ အမှတ်(၁)ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

ပျောက်ဆုံးနေသူ ကလေးငယ်ကို ပြည်မြို့ခံ လူမှုရေး အဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေလျက်ရှိပြီး မွန်းလွဲ ၂ နာရီကျော်အထိ ရှာမတွေ့သေးကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။






ပျောက်ဆုံးနေသူ ကလေးငယ်အား ရှာဖွေနေကြသည်ကို မြင်တွေ့ရစဉ်။
ဓာတ်ပုံ - ZTK

  • VIA