News

POST TYPE

CRIME & ACCIDENT

သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ဆဲဆိုသည့် အသံဖိုင် မဖျောက်ဖျက်ဟု ဒုတိုင်းရဲတပ်ဖွဲ့မှူး ပြောဆို
12-Nov-2016

တောင်ငူ၊ နိုဝင်ဘာ ၁၂

 

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ဝက်ထီးကန်တိုက်နယ် အင်းလျားအရှေ့စု ကျေးရွာနေ အမျိုးသားတစ်ဦးက နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ညစ်ညမ်းစွာ ဆဲဆိုထားသည့် အသံဖိုင်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က  ဖျောက်ဖျက်ခြင်း မရှိကြောင်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီး ရဲမြင့်က ပြောကြားသည်။

 

“ဝက်ထီးကန် ရဲစခန်းမှူးကို စုံခုံဖွဲ့ စစ်ဆေးနေတယ်၊ တိုင်ကြားထားတဲ့ အသံဖိုင်ကို  ရဲက ဖျောက်ဖျက်တယ်ဆိုတာ ကောလာဟလတွေပါ၊ အသံဖိုင်ကို အသံချဲ့စက်နဲ့ ဖွင့်တဲ့လူက သူများတင်တာကို တရားခွေ ဖွင့်နေတုန်း တင်မိတော့ စခန်းက သက်သေခံဖုန်းကို စစ်ဆေးချိန်မှာ မူလတင်သူက ပိုစ့်ကိုပြန်ဖြုတ်လိုက်တဲ့ အတွက် မရှိတော့တာ” ဟု ၎င်းက ရှင်းပြသည်။

 

အဆိုပါ ဆဲဆိုသော အသံဖိုင် ပျောက်ပျက်ခဲ့သဖြင့် အမှုဖွင့်ထားခံရသူမှာ သုံးလကြာပြီ ဖြစ်သော်လည်း တရားစွဲဆိုရန် အခက်အခဲ ရှိနေကြောင်း ပြည်မြို့နယ် NLD ပါတီရုံးမှ စုံစမ်းသိရှိရသည်။

 

ဝါးရုံဆိပ်အုပ်စု အင်းလျားအရှေ့စု ကျေးရွာတွင် နေထိုင်သော အသက်  ၃၆ နှစ်အရွယ် ဦးမျိုးချစ်က နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆဲဆိုထားသော အသံဖိုင်ကို လူမှုကွန်ရက်ဖြစ်သော Facebook ရှိ Nyi Nyi Zaw အကောင့်မှ ၎င်း၏ မျိုးချစ်အကောင့်မှ ကူးယူကာ အသံချဲ့စက်ဖြင့် လေးကြိမ် ဖွင့်လှစ်ခဲ့ကြောင်း၊ ယင်းကဲ့သို့ ဖွင့်လှစ်မှုကြောင့် ဦးမျိုးချစ်ကို ရာဇသတ်ကြီးပုဒ်မ ၂၉၄ /၅ဝဝ ဖြင့် ဝက်ထီးကန် နယ်မြေရဲစခန်းတွင် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

 

အမှုဖွင့်စဉ်က သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့သော ဦးမျိုးချစ်၏ လက်ကိုင်ဖုန်း အတွင်းရှိ Myo Chit ဖေ့စ်ဘွတ်အကောင့်တွင် အသံဖိုင် ပါရှိခဲ့သော်လည်း အဆိုပါ လက်ကိုင်ဖုန်းကို နေပြည်တော် စီအိုင်ဒီရုံးမှ စစ်ဆေးသည့်အခါ သက်သေအသံဖိုင်သည် လက်ကိုင်ဖုန်းအတွင်းနှင့် ဖေ့စ်ဘွတ်စာမျက်နှာတွင် စစ်ဆေးတွေ့ရှိရခြင်း မရှိကြောင်း ပြန်ကြားသည်ဟု သိရှိရကြောင်း ပြည်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အတွင်းရေးမှူး ဦးမြင့်သန်းထွန်းက ပြောကြားသည်။ 


  • VIA