News

POST TYPE

CRIME & ACCIDENT

မန္တလေးတွင် ရန်ပွဲ ဖြန်ဖြေသည့် ရဲနှင့် မီးသတ်တို့ ရိုက်ခံရ
28-May-2019
မန္တလေး၊ မေ ၂၈

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်တွင် မေလ ၂၇ ရက်နေ့ ညပိုင်းက ရန်ဖြစ်နေကြောင်း သတင်းပေးတိုင်ကြားချက်အရ သွားရောက်ဖြန်ဖြေသော ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များကို ရန်ဖြစ်နေသည့်လူငယ်များက ဝိုင်းဝန်းထိုးကြိတ် ရိုက်နှက်ခဲ့သည့်အတွက် ဒဏ်ရာများရရှိခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါရပ်ကွက် မနော်ဟရီလမ်း၊ ၄၈ လမ်းနှင့် ၄၉ လမ်းကြားတွင် လူငယ်တစ်စု ရန်ဖြစ်နေကြောင်း ရပ်ကွက်နေသူတစ်ဦးက သတင်းပေးသည့်အတွက် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့က သွားရောက်ခဲ့ရာ ဝင်ဖြန်ဖြေခဲ့သည့် ရဲတပ်သား အောင်မော်ထွန်းနှင့် အောင်ကျော်စိုး၊ အရံမီးသတ်တပ်ဖွဲ့ဝင် ကိုမိုးဝေတို့ အထိုးခံခဲ့ရပြီး ဖူးယောင်ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ထွန်တုံးရပ်ကွက်နှင့် အောင်ပင်လယ်ရပ်ကွက်တို့အတွင်း နေထိုင်ကြသည့် ဖြိုးမောင်မောင် (ခ) ရဲလင်း (၁၉ နှစ်)၊ ရဲမင်းပိုင် (၂၄ နှစ်)၊ ဟိန်းသူရမောင်မောင် (ခ) ရဲငယ် (၂၅ နှစ်)၊ ကျော်ဇေယျ(ခ) ကသာ (၃၁ နှစ်)၊ ကျော်သူရထွန်း (ခ) ကျော်ကြီး (၂၃ နှစ်)၊ ကျော်စောဦး (ခ) စောက်ပုံ (၂၅ နှစ်)၊ ကျော်ဆန်းလင်း (၁၈ နှစ်) နှင့် ဇော်လင်းထက် (၂၆ နှစ်) တို့ ရန်ဖြစ်နေ၍ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဝင်ရောက်တားစီးသည်ကို ရန်ဖြစ်နေသူများက သံတုတ်များဖြင့် ရိုက်နှက်ခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

အချင်းချင်း ခိုက်ရန်ဖြစ်ပွားနေသည့်အပြင် လာရောက်ဖြန်ဖြေသည့် ရဲတပ်ဖွဲ့ဝင်များကို ရိုက်နှက်ခဲ့သည့် လူငယ်ရှစ်ဦးအား အောင်ပင်လယ်နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၃/ ၃၃၂/ ၃၂၅/ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

M-04