News

POST TYPE

CRIME & ACCIDENT

ရွှေကျင်မြို့နယ် ရပ်ကွက်၊ ကျေးရွာအချို့ သောက်ရေ သုံးရေ စတင်ရှားပါး
28-Apr-2019

တောင်ငူ၊ ဧပြီ ၂၈

ပဲခူးတိုင်း အရှေ့ခြမ်းမြို့နယ်များတွင် နေ့အပူချိန်များ မြင့်တက်လာပြီး နောက်ပိုင်း ရွှေကျင်မြို့နယ် ရွှေကျင်ချောင်း၊ စစ်တောင်းမြစ်တို့နှင့် အလှမ်းကွာသည့် ရပ်ကွက်၊ ကျေးရွာအချို့တွင် သောက်ရေ သုံးရေ စတင်ရှားပါးနေ၍ လူမှုရေးအသင်းများနှင့် အုပ်ချုပ်ရေးအဖွဲ့များပေါင်းကာ ရေလှူဒါန်းပေးနေရကြောင်း မြို့ခံပရဟိတ အဖွဲ့များထံမှ သိရှိရသည်။

“ကနေ့(ဧပြီ ၂၈ ရက်) မှာ ရေဂါလန် ၁၂၀၀ ဆံ့တဲ့ ကားတွေနဲ့ ပို့ပေးနေတယ်။ ဒီပုံဆိုရင် မေလလယ်လောက်အထိကို ရေလှူဒါန်းပေးရမယ့် သဘောရှိတယ်။ ရေရှားပါးတဲ့နေရာတွေက ကုန်းခေါင်ပြီး မြစ်ချောင်းနဲ့ ဝေးကွာတယ် ဆိုတော့လေ”ဟု ရွှေကျင်မြို့ခံ ပရဟိတအဖွဲ့တစ်ခုမှ ကိုအောင်ဆက်ပိုင်က ပြောကြားသည်။

ရွှေကျင်မြို့နယ် ရှမ်းကြေးရပ်ကွက်၊ ကျွဲတဲရပ်ကွက်နှင့် မြို့မြောက်ဘက် ပန်းအင်းကျေးရွာများတွင် အဝီစိတွင်းနှင့် ရေတွင်းရေကန်များ ဧပြီလနောက်ဆုံးအပတ်ခန့်မှစတင်ပြီး အောက်ရေဆုတ်ကာ ရေထွက် လျော့နည်းခဲ့ပြီးနောက် သောက်ရေသုံးရေ ရှားပါးစပြုလာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ကနေ့(ဧပြီ ၂၈ရက်) မနက်မှာ ဂါလန် ၁၂၀၀ ဆံ့ ရေသယ်ယာဉ် ၄ စီးပေး လှူထားတယ်။ ကုန်ကျတဲ့ စက်သုံးဆီဖိုးကို အလှူရှင်တွေထည့်ပြီး ကျွန်တော်တို့နဲ့ မီးသတ်က လုပ်အားစိုက်ကြတာပါ”ဟု ရေလှူဒါန်းမှု ဦးဆောင်လုပ်ကိုင်နေသူ အမျိုးသားတစ်ဦးက ပြောကြားသည်။

ရွှေကျင်မြို့နယ်အတွင်း ကျေးရွာ၊ ရပ်ကွက်အချို့တွင် သောက်သုံးရေရရှိမှု အနေအထားသည် လုံးဝပြတ်တောက်နေခြင်းမဟုတ်ဘဲ ပုံမှန် အနေအထားအောက် လျော့နည်းကျဆင်းသွားခြင်းမျိုးသာဖြစ်ပြီး အုပ်ချုပ်ရေးဌာနသည် အလှူရှင်များ၊ ပရဟိတအဖွဲ့များနှင့်ပူးပေါင်းကာ ရေလှူဒါန်းပေးဝေနေကြောင်း ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက ရှင်းပြသည်။

လက်ရှိ သောက်သုံးရေရှားပါနေသည့် ကျေးရွာတစ်ခု၊ ရပ်ကွက်နှစ်ခုတွင် အိမ်ထောင်စု ၅၀၀ နီးပါးရှိနေပြီး မြစ်ချောင်းနှင့် နီးကပ်သည့် ရပ်ကွက်ကျေးရွာများတွင် သောက်သုံးရေပြဿနာ မရှိသေးကြောင်းနှင့် လက်ရှိ ရေရှားပါးသည့် ကျေးရွာများသည် နှစ်စဉ် နွေရာသီရောက်တိုင်း ကြုံတွေ့နေရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

ပဲခူးတိုင်း အရှေ့ခြမ်းမြို့နယ်များတွင် ယခုနှစ် ဧပြီလ နောက်ဆုံးပတ်ခန့်မှစပြီး နေ့အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထက် ဖြစ်ပေါ်နေပြီး တောင်ငူ၊ ရေတာရှည်မြို့နယ်များတွင်လည်း သောက်သုံးရေ အခက်အခဲနှင့် ကြုံတွေ့နေရသည့်အပြင် အုတ်တွင်းမြို့နယ် အုတ်တွင်း-ပေါက်ခေါင်းလမ်း ရိုးမပေါ်ရှိ ကျေးရွာများတွင်လည်း ရေရှားပါးမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံ အရပ်ဘက်အဖွဲ့များထံမှ သိရှိရသည်။

R-15