News

POST TYPE

CRIME & ACCIDENT

သစ်ခိုးယူသည်ဆိုကာ KNU သစ်တောဌာနမှ ထောင်ဒဏ်ချမှတ်ခံရသူ ၂၂ ဦးကို ငွေဒဏ်ပြောင်းလဲ
24-Apr-2019
တောင်ငူ၊ ဧပြီ ၂၄

ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးဒေသခံ လူငယ် ၂၂ ဦးကို သစ်ခိုးသည်ဆိုကာ ကရင်အမျိုးသားအစည်း အရုံးလက်အောက်ခံ KNU တပ်မဟာ ၂ သစ်တောဌာနက ဧပြီလ ၁၂ ရက်က ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့ပြီးနောက်ပိုင်း ငွေဒဏ်ပြောင်းလဲခဲ့ကြောင်း ဖမ်းဆီးခံရသူ မိသားစုဝင်အချို့ထံမှ သိရှိရသည်။

၂၂ ဦးအနက် နေ့စားအလုပ်သမား သုံးဦးကို ငွေဒဏ်ဆောင်ခြင်း ကင်းလွတ်ခွင့်ပြုခဲ့ပြီး ကျန်သူများကိုမူ ထောင်ဒဏ် ခြောက်လအတွက် တစ်ရက်လျှင် ဒဏ်ကြေး ကျပ်ငါးထောင်နှုန်းဖြင့် ပေးဆောင်ခိုင်း၍ ယခုအခါ ၂၂ ဦးလုံး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ၎င်းတို့မိသားစုဝင်များနှင့် နယ်မြေခံရဲတပ်ဖွဲ့များထံမှ သိရှိရသည်။

ထန်းတပင်မြို့နယ် ဇရပ်ကြီးကျေးရွာအုပ်စု ဇရပ်ကြီးနှင့် ကင်မွန်းခြုံကျေးရွာနေ အမျိုးသား ၂၂ ဦးကို မတ်လ ၃၁ ရက်က ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး နယ်စပ် KNU တပ်မဟာ ၂ နယ်မြေ သစ်တောကြိုးဝိုင်းအကွက် အမှတ် ၂ တွင် နွားလှည်း ၁၆ စီး၊ ခုတ်ယူထားသည့် ပိတောက်သစ်လုံးများနှင့် စက်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ တပ်မဟာ ၂ စစ်ရေးတာဝန်ခံ ဗိုလ်မှူးကြီးဒဲလ်ဖိုးထံ ဧပြီ ၂၃ ရက်က ဆက်သွယ်မေးမြန်းရာ သစ်တောဌာနက လုပ်ဆောင်မှုဖြစ်၍ မိမိဌာနအနေနှင့် အသေးစိတ်သိရှိခြင်း မရှိကြောင်း ပြန်လည်ဖြေကြားသည်။

အဆိုပါဒေသသည် တောင်ငူခရိုင် ထန်းတပင်မြို့နှင့် ကရင်ပြည်နယ် သံတောင်ကြီးဒေသတို့ကြားတွင်ရှိနေပြီး ကရင်အမျိုးသား အစည်းအရုံးလက်အောက်ရှိ တပ်မဟာ ၂ ထိန်းချုပ်နယ်မြေတွင်ဖြစ်ကာ KNU သစ်တောဌာနက သစ်ထုတ်ယူခွင့်၊ သယံဇာတထုတ်ယူခွင့် ပိတ်ပင်တားမြစ်ထားရာ ဒေသတစ်ခုလည်းဖြစ်သည်။

R-15